သရေခေတ္တရာပျူမြို့ဟောင်း

သရေခေတ္တရာတွင် ရှေးဟောင်းသုတေသနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို Dr.E.Forchammer မှ ၁၈၈၂-၈၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ သရေခေတ္တရာတွင် ရှေးဟောင်း အဆောက်အအုံများအား တစ်ခါတစ်ရံ တူးဖော်ခြင်းများကို ၁၉၀၇ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ပြီး ၁၉၆၄ ခုနှစ်မှစ၍ တူးဖော်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးများကို လုပ်ဆောင်ခဲ့သည်။ လက်ရှိ ကာလ အထိ တူးဖော်မှုကုန်းပေါင်း (၆၅) ကုန်း တူးဖော်ပြီး ဖြစ်သည်။

လေးမျက်နှာဂူဘုရား

လေးမျက်နှာဂူဘုရားသည် သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်တွင် တည်ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းတွင် တွေ့ရသော ဂူဘုရားများအနက် တစ်ခုတည်းသော မုခ်လေးမုခ်နှင့် ၀င်ပေါက်လေးပေါက်ပါရှိသော စတုရန်းပုံ လိုဏ်ဂူဘုရားငယ်ဖြစ်သည်။ အပေါ်တွင် ပစ္စယာအနိမ့် သုံးဆင့်ပါပြီး၊ အတွင်းစု၀င်ထားသည့် အမိုးပါသည့် အုတ်အဆောက်အအုံအနိမ့်ဖြစ်သည်။ အတွင်း တိုက်ခန်းတွင် အလယ်မဏ္ဍိုင်တည် ဆောက်ထားပြီး၊ ထိုမဏ္ဍိုင်၏ လေးမျက်နှာတွင် ဗုဒ္ဓ ရုပ်ပွားတော်များကို ရုပ်ကြွထုလုပ်ထားသည့် ကျောက်ချပ်များကပ်ထားသည်။ ယခုအခါ တောင်ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်မျက်နှာတို့ရှိ ကျောက်ချပ်များကိုသာ တွေ့နိုင်ပါသည်။ အဆောက် အအုံသည် အရှေ့အနောက်(၇)မီတာ၊တောင်မြောက်(၇)မီတာနှင့် အမြင့်(၆)မီတာရှိသည်။ ပျူခေတ်နှောင်း အေဒီ(၇−၉)ရာစုတွင် တည်ဆောက်ခဲ့သော ဂူဘုရားတစ်ဆူဟု ခန့်မှန်းရပါသည်။ လေးမျက်နှာ ဂူဘုရားသည် ပျူလူမျိုးတို့၏ ဗုဒ္ဓသာသနိကဗိသုကာလက်ရာများတွင် လိုဏ်ဂူဘုရား တိုးတက်မှု အထောက်အထားအတွက် အရေးပါသော အဆောက်အအုံဖြစ်သောကြောင့် ကမ္ဘာ့အမွေ အနှစ်စံချိန် စံညွှန်း၀င်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

ကုန်းအမှတ်(HMA-53)

ကုန်းအမှတ်(HMA-53)သည် ဘောဘောကြီးဘုရား၏အနောက်ဘက်ယွန်းယွန်း၊ ကုန်းအမှတ် (HMA-35)၏ အနောက်မြောက်ဘက်နှင့်ရဟန္တာတံခါးပေါက်မှ မြင်ဗာဟုဘုရားသို့ သွားရာလမ်း တောင်ဘက်တွင် တည်ရှိပါသည်။၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တူးဖော်သုတေသနပြုလုပ် ခဲ့ပါသည်။ ကုန်းအမှတ်(HMA-53)တူးဖော်မှုမှ ထွက်ပေါ်လာသော ပန္နက်ပုံမှာ စတုဂံပုံ တောင်မြောက် အလျားလိုက် တည်ဆောက်ထားပြီး အဓိက လေးထောင့်အုတ်ရိုးတန်း ပတ်လည်အဆင့်(၃)ဆင့် ပါရှိသည်။ အဆောက်အဦး၏ အတွင်းဘက်တွင် အရိုးအိုးများအများအပြား တွေ့ရှိရပါသည်။ ထို့အပြင် မြေမီးဖုတ်အုတ်ခွက်(၅)ခု၊ အခြေခံပုံ(၉)မျိုး ကွဲပြားသော အရိုးအိုး(၄၄၂)ခန့်နှင့် အိုးများ၏ ဘေးမှ သံမယ်န(၉)မျိုး၊ ထိပ်နှစ်ဖက်အသွားပါသော ဓားငယ်များ၊ ကြေးခြူလုံးငယ်များ၊ သံထည် ပစ္စည်းတို့ကို တွေ့ရှိရပါသည်။ ယခုအခါ တူးဖော်သုတေသနပြုလုပ်ရာမှ အရိုးအိုးများကို နိုင်ငံခြားသား ပညာရှင်များနှင့် ပူးပေါင်း၍ ဓါတုဗေဒနည်းဖြင့် ထိန်းသိမ်းထားရှိပြီး (Site Museum)အဖြစ် ပြသလျက်ရှိပါ သည်။ HMA-53 သည် ပျူလူမျိုးတို့၏ ထင်ရှားသော ဓလေ့ထုံတမ်းဆိုင်ရာ အဆောက်အအုံအတွင်းတွင် အရိုးအိုးမြှုပ်နှံဓလေ့ကို မျက်မြင်တွေ့ရှိနိုင်သော အဆောက်အအုံ တစ်ခုဖြစ်ပါသည်။