ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “မိဘကျေးဇူးအကျိုးထူး” ဆို၊ ငို၊ ပြော ရုပ်စုံသဘင်ဇာတ်တော်ကြီး ဖျော်ဖြေတင်ဆက်မှုကို ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက် (စနေနေ့) ည ၈ နာရီသတင်းအပြီးတွင် MRTV – HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဦးတည်ချက်ဖြစ်သော အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ အစဉ်အလာကြီးမားသော မြန်မာ့ရိုးရာရုပ်စုံပညာ မတိမ်ကော မပပျောက်စေရေး ထိန်းသိမ်းစောင့်ရှောက်ရန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်စစ်စစ်ဖြစ်သည့် မြန်မာ့ရိုးရာရုပ်စုံပညာ တင်ဆက်ကပြခြင်းဖြင့် ကြည့်ရှုသူပရိသတ်များ၏ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကျန်းမာမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ မျိုးဆက်သစ်လူငယ်များအတွင်း ယဉ်ကျေးလိမ္မာသော စိတ်နေစိတ်ထားနှင့် မိဘကျေးဇူး ဆပ်ခွင့် ရရှိခြင်းဖြင့် ထူးမြတ်ကောင်းမွန်သော အကျိုးတရားများရရှိစေသည့် အသိစိတ်များ ဖြစ်ပေါ်လာစေရန်၊ ကျေးဇူးတရားနှင့် မေတ္တာတရားတို့၏ အကျိုးကျေးဇူးကြီးမားပုံကို မြန်မာ့ရိုးရာ ရုပ်စုံပညာဖြင့် သရုပ်ဖော်ဖန်တီး တင်ဆက်ကပြရန် စသည့်ရည်ရွယ်ချက်များဖြင့် ငါးရာ့ငါးဆယ် နိပါတ်တော်၊ ပကိဏ္ဏကနိပါတ်၊ ကေဒါရကျေးမင်းဇာတ်ကိုမှီး၍ “မိဘကျေးဇူးအကျိုးထူး” ရုပ်စုံသဘင် ဇာတ်တော်ကြီးကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ တောင်စွန်းအောင်တိုး ကထိက(ငြိမ်း) သဘင်ပညာဌာနက ရေးသားကာ ဇာတ်ပို့ဆိုင်း ပန်တျာစိန်လှမြိုင်အဖွဲ့နှင့် ဂီတပညာဌာန ဆရာများ၏တီးခတ်မှု၊ သဘင်ပညာဌာနမှ အနုပညာရှင်များက ဆို၊ ငို၊ ပြော ရုပ်စုံသဘင်ဖြင့် ကပြတင်ဆက်မှု၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ ပညာရှင်များ၏ ရိုက်ကူးမှုဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပါသည်။