သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ စစ်တွေမြို့တွင် ကျင်းပပြုလုပ်သည့် အနဂ္ဃရတနာမြေ – မြောက်ဦး တတိယအကြိမ်မြောက် ဓာတ်ပုံပြပွဲဖွင့်ပွဲတက်ရောက် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ ဓာတ်ပုံပညာရှင်များနှင့် ပရဟိတအဖွဲ့များ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပပြုလုပ်သည့် အနဂ္ဃရတနာမြေ -မြောက်ဦး  တတိယအကြိမ်ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

              ဓာတ်ပုံပြပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက အဖွင့်အမှာစကား ပြောကြားရာ၌ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ  ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ နိုင်ငံ တကာ သဘောတူညီချက် – ၁၉၇၂ အရ လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃) နိုင်ငံရှိပြီး ယနေ့အထိ ကမ္ဘာ့အမွေအနှစ်စုစုပေါင်း ၁၁၅၄ ခု ရရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကမ္ဘာ့အမွေအနှစ် (ပျူမြို့ဟောင်းများ၊ ပုဂံဒေသ) ၂ ခု ရရှိထားပါကြောင်း၊ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုဒေသသည် ရခိုင်တစ်မျိုးသားလုံး၏ တန်ဖိုးထားရာ၊ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာဖြစ်ပြီး ရခိုင်လူမှုအဖွဲ့အစည်း တစ်ရပ်လုံး၏ ဘိုးဘွား စဉ်ဆက် လက်ဆင့် ကမ်းခဲ့ကြသည့် လူမှုစီးပွားဘဝ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ အနုပညာဆိုင်ရာ အားမာန်နှင့် မျိုးချစ်စိတ်ဓာတ်တို့ကို ထင်ဟပ်ဖော်ပြနေသည့် “ယဉ်ကျေးမှုအမွေ အနှစ်ဒေသတစ်ခု” ဖြစ်ပါ ကြောင်း၊ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် မိမိတို့ဝန်ကြီးဌာန၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသခံပြည်သူများ အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြပါဟု ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက အမှာစကား   ပြောကြားရာတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ရခိုင်တစ်မျိုးသားလုံး၏ အသည်းနှလုံးဖြစ်ပါကြောင်း၊ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် ပြည်နယ်အစိုးရ အနေဖြင့် လိုအပ်သည့် ပူးပေါင်းကူညီဆောင်ရွက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထူးခြားထင်ရှားသည့် မြောက်ဦးအမွေအနှစ်ဒေသ၏ ယဉ်ကျေးမှုပြယုဂ်များကို ကာကွယ် စောင့်ရှောက်ရာတွင် ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးတို့ကို လက်တွေ့ကျပြီး ထိရောက်သည့် စီမံခန့်ခွဲမှုစနစ်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ထူးခြားထင်ရှား ခန့်ညားထည်ဝါလှပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များနှင့် ပြည့်စုံနေသည့် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် အကြိုလှုပ်ရှားမှုဖြစ်သည့် အနဂ္ဃရတနာမြေ – မြောက်ဦး တတိယအကြိမ်ဓာတ်ပုံပြပွဲကို ပြည်သူများ ကြည့်ရှုခံစားလေ့လာနိုင်စေရန်အတွက် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်းနှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကို ကမ္ဘာ့ တဝန်းမှ သိရှိလာနိုင်မည်ဖြစ်ပြီး ပိုမိုတန်ဖိုးထား ထိန်းသိမ်းလိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာ မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေးကို ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။   ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့အား ဓာတ်ပုံပညာရှင်များအဖွဲ့က အမှတ်တရဓာတ်ပုံလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အနဂ္ဃရတနာမြေ – မြောက်ဦး တတိယအကြိမ် ဓာတ်ပုံပြပွဲတွင် ပြသထားသော ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တွေ့ဆုံကာ အဆိုပြုစာတွဲများ တင်သွင်းစဉ်က ‌ရေးဆွဲထားသည့် Guideline များအကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆက်လက်‌ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ICOMOS မှ ကျွမ်းကျင်ပညာရှင် လာရောက်ဆန်းစစ်မည့် အခြေအနေ၊ ကျွမ်းကျင်ပညာရှင် မလာရောက်မီ ပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲမှုအစီအစဉ် (IPA)ပါ လုပ်ငန်းစဉ်များတွင်  ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ NGOs အဖွဲ့များက ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ အဆိုပြုစာတွဲ (အပြည့်အစုံ)  Volume III ပါ ဒေသဆိုင်ရာစီမံကိန်း (Regional Plan) အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုဖီအာနမ်အစီရင်ခံစာပါ ဦးရဲကျော်သူ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်း၊ ရှရှီမိုဟာဒီဘာရီ ဟိန္ဒူဘုရားကျောင်း နှင့်စိန့်မတ်(ခ်)အင်္ဂလီကန် ခရစ်ယာန်ဘုရားကျောင်း ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို  ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် စစ်တွေမြို့၊ ယဉ်ကျေးမှု ပြတိုက်သို့ သွားရောက်လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ  စစ်တွေဌာနခွဲမှ ညွှန်ကြားရေးမှူးက လိုက်လံရှင်းလင်း ပြသပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြခန်းအညွှန်းစာသားများကို ပြည့်ပြည့်စုံစုံ ဖော်ပြရန်နှင့်  ပြတိုက်သည် ယဉ်‌ကျေးမှုကဏ္ဍများအား  ပြည်သူများကို အသိပညာပေးရာ နေရာ ဌာနဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါ သက်ရောက်ဆဲ ကာလဖြစ်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဌာနဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။