သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်နှင့် ဌာနဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ၂၀၂၂ ခုနှစ်၊ မေ ၂၄ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်နှင့်အတူ မေလ ၂၄ ရက် နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်နှင့် ဌာန ဆိုင်ရာလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းအား လက်ဝဲဝင်းဆောင်တွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် က ကမ္ဘောဇသာဒီနန်းတော်ရာဝင်းအတွင်းရှိ ရှေးဟောင်း အုတ်ကုန်းနေရာ (၁၆)ခုတွင် တူးဖော်သုတေသနပြုခဲ့မှုများ၊ ဘမရာသနပလ္လင်ဆောင်နှင့် မြေနန်း ပြာသာဒ်ဆောင်တို့ကို ရှေးမူမပျက် ပြန်လည်တည်ဆောက်ခဲ့မှုများ၊ နှစ်စဉ်ပြုပြင် ထိန်းသိမ်းမှုများ၊ နန်းဆောင်(၂)ဆောင်အကြီးစားပြင်ဆင်ထိန်းသိမ်းနိုင်ရန်ဆောင်ရွက်ထားရှိမှုများ၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဟံသာဝတီမြို့ဟောင်း ကျုံးနှင့်မြို့ရိုးဖော်ထုတ် ထိန်းသိမ်းထားရှိမှုများ၊ ကျုံးတူးဖော်ရာတွင် ဆင်ခလုတ်၊ မြင်းခလုတ်(သစ်သားငုတ်) များတွေ့ရှိခဲ့မှုနှင့် ပြသထားမှုများ၊ Google Map မြေပုံတွင် ယူနီယံဂျက်အလံပုံစံ( ဇာတာခွင်ပုံစံ ) အရေးအကြောင်းများအဖြစ်တွေ့မြင်ရသည့် ပဲခူးမြို့အနီးရှိနေရာတွင် တူးဖော်သုတေသနပြုလုပ်ငန်း ဆောင်ရွက်ထားမှုများ၊  ကမ္ဘောဇသာဒီနန်းတော်ရာအား  Historical Park အဖြစ်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ပဲခူးဌာနခွဲနှင့်သက်ဆိုင်သော အချက်အလက်များအား Power Point ဖြင့်ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ကမ္ဘောဇသာဒီနန်းတော်ရာအား  Historical Park အဖြစ်တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Emerald Lake Co., Ltd. မှတာဝန်ရှိသူများက စာချုပ်စတင်ချုပ်ဆိုသည့်အချိန်မှစ၍ ယနေ့ထိ နန်းတော်ရာအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်အကောင် အထည်ဖော်မည့် အစီအစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။  

ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နန်းတော်ရာဝင်းအတွင်း သုတေသနပြုတူးဖော်ခဲ့သော ရှေးဟောင်းအုတ်ကုန်း(၁၄)ခုကို ရေရှည်တည်တံ့ကြံ့ခိုင်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ Emerald Lake Co.,Ltd. အနေဖြင့် ကမ္ဘောဇသာဒီ နန်းတော်ရာအား နိုင်ငံတကာအဆင့်မီ Historical Park တစ်ခုဖြစ်ပေါ်လာစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ကြိုတင်သိရှိမှသာ မူဝါဒနှင့်အညီ ထိန်းသိမ်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်မည့်လုပ်ငန်းများသည်  ဆိုးကျိုး သက်ရောက်မှုများရှိနိုင်ပါက ကြိုတင်သိရှိမှသာ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အကြံပြု ရှောင်လွဲပေးနိုင်မည်ဖြစ်ပါကြောင်း၊  အဆောက်အဦအသစ်များတည်ဆောက်ရာတွင် အရေအတွက် အနည်းဆုံးဖြစ်ရန်နှင့် ပတ်ဝန်းကျင်မြေခင်းအလှကို ပြုပြင်ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ ရတနာတန်းဝင်ကျွန်း၊ ပျဉ်းကတိုးပင်များကို လေကာပင်များအဖြစ် စိုက်ပျိုးပေးခြင်းဖြင့် နောင်အရှည်အတွက်လည်းပိုမိုကောင်းမွန်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကုမ္ပဏီ အတွက်ရော ဌာနအတွက် ပါမျှတအောင်စဉ်းစားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဆောက်အဦ များတည်ဆောက်ရာတွင် စည်ပင်သာယာရေးအဖွဲ့များ၏ စည်းကမ်းသတ်မှတ်ချက်များနှင့် ညီညွတ်ရန်လည်း လိုအပ်ပါကြောင်း၊ နန်းတော်ရာအတွင်းရှိ ရှေးဟောင်းအုတ်စီအုတ်ရိုးများအား မူလပုံစံမပျက် မြင်တွေ့နိုင်စေရန်နှင့် လာရောက်လေ့လာသူများအပေါ် ဆွဲဆောင်မှုရှိအောင်လည်း ကြံဆဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Historical Park လုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးဟောင်းသုတေသနပညာရှင်၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ စာပေပညာရှင်များသာမက Historical Park လုပ်ငန်းပညာရှင်နှင့် သမိုင်းပညာရှင်များလည်းပါဝင်ရန်လိုအပ်ပါကြောင်း၊ နှစ်ရှည်လုပ်ငန်းစီမံကိန်းဖြစ်သဖြင့် အတည်ပြုခွင့်ပြုချက်များ ရယူဆောင်ရွက်မှသာ လုပ်ငန်းများ သွက်လက်မြန်ဆန်မှန်ကန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နှစ်စဉ်ဆောင်ရွက်ရမည့် ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ကြိုတင်ညှိနှိုင်းရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြား ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကမ္ဘောဇသာဒီနန်းတော် လက်ဝဲဝင်းဆောင်တွင် ခင်းကျင်း ပြသထားသော မူလကျွန်းလုံးတိုင်ဟောင်းများအပါအဝင် အခြားခင်းကျင်းပြသထားမှုများအား ကြည့်ရှုစစ်ဆေးပြီး၊ ဘမရာသနပလ္လင်ဆောင်၊ ခင်ခင်ကြီးဆောင်၊ ဆုပန်ကလျာဆောင်၊ တူးဖော်မှု အုတ်ကုန်းများနှင့် Emerald Lake Co., Ltd မှ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဟံသာဝတီ မြို့ဟောင်း၊ မြောက်ဘက်မြို့ရိုး မုတ္တမတံခါးမှ အရှေ့မြောက်ထောင့်အထိ ကျုံးနေရာ ရှေးမူမပျက် ပြန်လည်ဖော်ထုတ် ထိန်းသိမ်းထားရှိမှုများကို   သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။