ရှေးဦးမြို့ပြတည်ထောင်မှုစတင်ခဲ့သော ပျူခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာဆွေးနွေးပွဲကျင်းပရက်စွဲ၊ ၂၂ . ၆ . ၂၀၂၂

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြုစုရေးသားလျက်ရှိရာ မြို့ပြတည်ထောင်မှုစတင်ခဲ့သော ပျူခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို အမျိုးသားပြတိုက် ( ရန်ကုန် )၊ ဘက်စုံခန်းမ၌ ယနေ့ ( ၂၂ – ၆ – ၂၀၂၂ )ရက်နေ့တွင် ဆက်လက် ပြုလုပ်ခဲ့ပြီး ထိုဆွေးနွေးပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါ်စန္ဒာခင်၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁)၊ ဦးသန်းဆွေ၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)၊ ဒေါက်တာတိုးလှနှင့် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့် သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ နှင့်  အရာရှိကြီးများ၊  အကြံပေး ပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီး များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ တက်ရောက် ကြပါသည်။

          ဆွေးနွေးပွဲအစီအစဉ်အရ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်) မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင် က ပျူ ခေတ်နှင့် ပတ်သက်၍ နိုင်ငံတကာပညာရှင်များ၏ သုတေသနပြုတွေ့ရှိချက်များ၊ ယင်းတို့၏ အယူအဆ၊ တွေ့ရှိချက်များ ဌာနမှ သုတေသနပြုတွေ့ရှိမှုအသစ်များ ကိုလည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က “Phy Ancient Cities: Buddhist Urban Culture” နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မန္တလေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပျူခေတ်ကာလအတွက် ကိုးကားလေ့ရှိသည့် တရုတ် – မန်ရှူးကျမ်းပါ အခန်းများ၏ အားသာချက် အားနည်းချက်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင် က သရေခေတ္တရာမြို့ဟောင်း တူးဖော်မှုမှ တွေ့ရှိရသည့် တွေ့ရှိချက်များနှင့် ပျူတို့၏ အနုလက်ရာများ  ( Art History ) ကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ မြန်မာသမိုင်းအဖွဲ့ ပညာရှင်များက  ပျူခေတ်သမိုင်းရေးသားရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တူးဖော်တွေ့ရှိချက်များသည် များစွာခိုင်မာပြီး အထောက်အကူများစွာ ရရှိကြောင်း ဆွေးနွေးပါသည်။

          ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မြန်မာစာဌာန မှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမောင်မောင်ဆွေက ပျူခေတ်အက္ခရာ အရေးအသားများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာသမိုင်းအဖွဲ့ဝင် ဦးကျော် မှ သမိုင်းကြောင်းရေးသားရာတွင် သမိုင်းပညာရှင်များ သာမက ဌာနဆိုင်ရာများမှ ကျွမ်းကျင်ပညာရှင်များကို အားကိုးအားထားပြုရသည်ကို လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း က ပျူခေတ် “ရေစီမံခန့်ခွဲမှုနှင့် အသုံးချပုံစနစ်” အကြောင်းကိုလည်းကောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပြင်ပမှပညာရှင်များအနက် ပြင်ပလေ့လာသူ ဈာန်သစ်အောင် ( ဦးကျော်စွာနိုင် ) က သရေခေတ္တရာ အမည်နှင့် ပတ်သက်၍ တံဆိပ်တုံးတစ်ခု၏ တံဆိပ်စာကို လည်းကောင်း၊ ဦးဘုန်းတင့်ကျော် က လွန်ခဲ့သည့် ရာစုနှစ်က မြန်မာနိုင်ငံသမိုင်းနှင့် ပတ်သက်၍ ပြည်ပပညာရှင်များ မှားယွင်းစွာ ရေးသားခဲ့မှုကြောင့် ယခုထိ မြန်မာ့သမိုင်းတွင် မှားယွင်းမှုများစွာ ရှိနေသေးသဖြင့် မြန်မာ့သမိုင်းကို အသစ်ပြန်ရေးရမည်ဟု ဝါရင့်သမိုင်း ပညာရှင်များက မှတ်ချက်ပြုထားကြောင်း၊ ယခင်ပြည်ပ ပညာရှင်များ ရေးသားခဲ့သော ပျူနှင့်ပတ်သက်၍ မှားယွင်းချက်များ၊ မန်ရှူးကျမ်း၏ အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေး ကြပါသည်။           ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ရှေးဦးမြို့ပြတည်ထောင်မှု စတင်ခဲ့သည့် ကာလဖြစ်သော ပျူခေတ်ကာလ သမိုင်းစဉ်နှင့် ပတ်သက်၍ ( ၃ )ရက် ဆွေးနွေးချက်များကို ခြုံငုံ သုံးသပ် ဆွေးနွေး တင်ပြခဲ့ပါသည်။ မြန်မာ့သမိုင်းစဉ်၏ ကဏ္ဍတစ်ခုဖြစ်သော ပရိုင်းမိတ်ကာလ သမိုင်းစဉ်နှင့် ပတ်သက်၍ ( ၂၇ – ၆ – ၂၀၂၂ ) ရက်နေ့နှင့် ( ၂၈ – ၆ – ၂၀၂၂ ) ရက်နေ့များတွင် အမျိုးသားပြတိုက် ( ရန်ကုန် )၊ ဘက်စုံခန်းမ၌ ဆွေးနွေးပွဲပြုလုပ်မည် ဖြစ်ပါကြောင်း၊ ပညာရှင်များ ပါဝင်ဆွေးနွေးနိုင်ပါကြောင်း၊ ပါဝင်ဆွေးနွေးလိုသူ ပညာရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် သုတေသနပြု တွေ့ရှိချက်များ၊ ခိုင်မာသော အထောက်အထားများကိုပါ ပူးတွဲယူဆောင်၍ အထောက်အထား တင်ပြဆွေးနွေးရန် လိုအပ်ပါကြောင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဖုန်း-095061832၊ Email: departmentofarchaeologyygn@gmail.com များသို့ ကြိုတင်ဆက်သွယ်ရန် စာရင်းပေးထားရန် လိုအပ်ပါကြောင်း သတင်းရရှိပါသည်။