သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးကိုကို ၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

၃၀..၂၀၂၂ နေပြည်တော်

၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို နေပြည်တော်၊ သာသနာရေးနှင့်ယဉ်ကျေိးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ ရုံးအဆောက်အအုံ၏ အရှေ့ဘက် သရက်ခြံအနီး၌ ၃၀-၆-၂၀၂၂ ရက်နေ့ နံနက် ၀၇:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံ သည့်နိုင်ငံဖြစ်ပြီး ရှေးဘိုးဘွားဘီဘင်များလက်ထက်ကတည်းကပင် တစ်နိုင်တစ်ပိုင်မှ တစ်အုပ်တစ်မ အထိ သစ်ပင်၊ သစ်တော စိုက်ပျိုးခြင်းကို လွန်စွာမှ နှစ်သက် မြတ်နိုးခဲ့ကြပါကြောင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းကို အလှူဒါနတစ်ခုပြုခြင်းကဲ့သို့ အလေးအမြတ်တန်ဖိုးထားတတ်ကြပါကြောင်း၊ ကမ္ဘာ ပေါ်ရှိ နိုင်ငံများကလည်း  ပြက္ခဒိန်နှစ်တစ်နှစ်တိုင်းတွင် အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်နေ့ ၂၁ ခု ကို တစ်ညီတစ်ညွတ်တည်း အတည်ပြုလက်ခံ၍ ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် ဇူလိုင်လ ၇ ရက်နေ့ကို ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

              ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တော သယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာတွင် သစ်တောဖုံးလွှမ်းမှုသည် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာ ရှိတော့သောကြောင့် တဖြည်းဖြည်း သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့နည်းလာပြီး သစ်တောများ ပိုမိုပျက်စီးလာနေသည်ကို  သိရှိနိုင်ပါကြောင်း။

              ယနေ့ မျက်မှောက်ခေတ်ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိန်းသိမ်းရေး လုပ်ငန်းတွင် သစ်ပင်သစ်တောများသည် လွန်စွာမှ အရေးပါလျက် ရှိပါကြောင်း၊ လေထဲတွင် လွင့်ပျံ့နေပြီး လူသားတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သော ကာဗွန်ဒိုင်အောက်ဆိုဒ်များကို သစ်ပင် သစ်တောများက အရွက်မှတစ်ဆင့်စုပ်ယူပြီး လူအပါအဝင် အပင်နှင့်သတ္တဝါများအတွက် မရှိမဖြစ် လိုအပ်သည့် အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှင့်ပေး၍ လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ ကို လျော့ချပေးလျက်ရှိပါကြောင်း၊ သစ်တောဂေဟစနစ်မှ အထောက်အပံ့ပြုသည့် ပတ်ဝန်းကျင် ဆိုင်ရာဂေဟစနစ်ထိန်းသိမ်းမှုသည် ငွေကြေးစရိတ်စက ကုန်ကျမှုနည်းနည်းနှင့် လွန်စွာမှ ထိရောက် တန်ဖိုးရှိလှပါကြောင်း။

              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ ၌ “နိုင်ငံတော် သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်” ဟု အခြေခံမူ ချမှတ်ထားပြီး နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၉၀ ၌ နိုင်ငံသားတိုင်းသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်းသည် တစ်ဦး ချင်းအနေဖြင့်သာမက တစ်နိုင်ငံလုံးအနေဖြင့်ပါ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးကို တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပေးမှာကြားလိုကြောင်း၊ သစ်တောသစ်ပင်များနှစ်စဉ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်နိုင်ရေးတို့အတွက် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

              ယခုအခါ နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော် ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ ကို Green City ၊ Clean City ၊ Smart City အဖြစ်သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း။ ထို့ကြောင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းတွင် နေထိုင်လျက်ရှိကြသော နိုင်ငံသားများဖြစ်ကြသည့် ဝန်ထမ်းမိသားစုများသည် လည်း နိုင်ငံတော်၏ရည်မှန်းချက် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း။

              နိဂုံးချုပ်အနေဖြင့် ရှေးဘိုးဘွားဘီဘင်များ စိုက်ပျိုးခဲ့ကြသည့် သစ်ပင်သစ်တောများကို ယနေ့ထက်တိုင် အမှီသဟဲပြုနေကြရသလို၊ ဒီကနေ့ ဝန်ကြီးဌာနက ဝန်ထမ်းများ စုပေါင်းစိုက်ပျိုး ကြမည့် သစ်ပင်၊ သစ်တောများကိုလည်း နောင်တစ်ချိန်တွင် နောင်လာနောင်သားများက အမှီသဟဲ ပြုနိုင်ကြစေလိုသည့် သဒ္ဓါစိတ်ဖြင့် စိုက်ပျိုးကြမည်ဆိုပါက ဝန်ထမ်းမိသားစုများ အားလုံးအတွက် မျက်မှောက်၊ သံသရာ နှစ်ဖြာသောအကျိုးကို ရရှိကြမှာဖြစ်ပါကြောင်း၊ ရှေးယခင်ကတည်းက ချစ်ခင် မြတ်နိုးစွာ စိုက်ပျိုးကြသည့် သစ်ပင်သစ်တောများ၊ လယ်ယာများသည် နိုင်ငံသူ၊ နိုင်ငံသားများ အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရုံမျှမက ယနေ့ထက်တိုင် နိုင်ငံ၏အကျိုးစီးပွားကို တစ်ဖက် တစ်လမ်းက အထောက်အကူပြု သယ်ပိုးလျက်ရှိပါကြောင်း၊ ထိုနည်းတူစွာ ယနေ့ စုပေါင်း စိုက်ပျိုး

ကြမည့် ရတနာတန်းဝင် ကျွန်းပင်  ၃၀၀ ပင်သည်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သာမက၊ သားစဉ်မြေးမြစ် ကျေးဇူးဖြစ်အောင် ရှင်သန်ကျန်ရစ်စေမည့် ယုံကြည်စိတ်ဖြင့် ဒါနပျိုးပင် အကျိုးထင်အောင် မျိုးစေ့ချ စိုက်ပျိုးခြင်းဟု ခံယူပြီး၊ နှလုံးစိတ်ဝမ်း အေးချမ်းစွာ တက်ညီလက်ညီ စိုက်ပျိုးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး(အငြိမ်းစား)ဦးကျော်ဆွေ ရေးစပ် သီကုံးထားသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့်စပ်လျဉ်းသည့်ရတုအား တက္ကသိုလ်အားမာန်က သီဆို ဖျော်ဖြေခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက သတ်မှတ် နေရာအသီးသီးတွင် ကျွန်းပင်များကို တပျော်တပါး စိုက်ပျိုးခဲ့ကြပါသည်။

              ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။

              အဆိုပါအခမ်းအနားတွင် ကျွန်းပင် ၃၀၀ ပင် စိုက်ပျိုးခဲ့ပြီး ယခင်နှစ်များက စိုက်ပျိုးခဲ့သည့် ကျွန်းပင် ၁၈၀၀ ပင်၊ ရတနာတန်းဝင် အရိပ်ရလေကာပင်များနှင့် စိန်တစ်လုံးသရက်ပင် ၂၄၅၀ ပင် တို့သည်လည်း ရှင်သန်လျက်ရှိကြောင်း သတင်းရရှိပါသည်။