ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ(၅ /၂၀၂၂) အခမ်းအနားကျင်းပပြုလုပ်

ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ (၅/၂၀၂၂) အခမ်းအနားကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်းသုတေသနပြတိုက်တွင် (၁.၇.၂၀၂၂) ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁၁:၄၀)နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ၊ စာတမ်းရှင်များ အရာထမ်းများ၊ အမှုထမ်းများတက်ရောက်ခဲ့ပြီး နယ်ဌာနခွဲများမှ စိတ်ပါဝင်စားသူများက Online ဖြင့် တက်ရောက်ခဲ့ကြသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ(၅/၂၀၂၂) အခမ်းအနား၌ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင်ယနေ့စာတမ်းဖတ်ပွဲသို့ On Job Training တက်ရောက်နေသည့် မျိုးဆက်သစ် ဝန်ထမ်းအသစ်ကလေးများ ပါဝင်တက်ရောက်ခြင်းဖြင့် ဌာနမှ Senior ဝန်ထမ်းများ၏ သုတေသန စာတမ်းများ ရေးသားဖတ်ကြားမှုကို  သိရှိ လေ့လာရပြီး စာတမ်းပြုစုရေးသားရာတွင် အထောက်အပံ့ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ ယခု စာတမ်း ဖတ်ပွဲများမှသည် နိုင်ငံတကာစာတမ်းဖတ်ပွဲများအထိ တက်ရောက်ဖတ်ကြားနိုင်ရေး ကြိုးစားသွား ရန်ဖြစ်ကြောင်း၊ စာတမ်း မဖတ်ကြားရသေးသည့် ဝန်ထမ်းများအနေဖြင့်လည်း စာတမ်းများ ဖတ်ကြားနိုင်ရေး သေချာဂရုပြုရေးသားပြုစုရန်လိုကြောင်း၊ ရှေးဟောင်း သုတေသန ဆိုင်ရာ ဆောင်ရွက်သည့်နေရာတွင် မိမိသိလိုသည့်၊ သုတေသနပြု လေ့လာလိုသည့် ကိစ္စရပ်များအတွက် အသုံးစရိတ်ချထား ပေးမှုကို စောင့်ဆိုင်းခြင်းမပြုဘဲ လိုအပ်သော လေ့လာဆောင်ရွက်မှုများ ပြုလုပ် ရန်လိုအပ်ကြောင်း၊ ထိုအကြောင်းအရာများကို စာတမ်း ပြုစုရန် လိုအပ်ကြောင်း၊ သို့မှသာ ဝန်ထမ်းများ၏ Capacity၊ ဌာန၏ Capacity မြင့်မား လာမည်ဖြစ်ကြောင်း၊ ယခုစာတမ်းဖတ်ပွဲတွင် စာတမ်း(၃)စောင် ဖတ်ကြားသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

သဘာပတိများအဖြစ် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်း၊  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှနှင့် မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင် (ဒေသခံ) ညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိုးစိုးလင်းတို့က ဆောင်ရွက်ပေး ခဲ့ပါသည်။ ဆက်လက်၍ ဒု-ဦးစီးမှူး ဦးဆန်းထွန်းဦး က “ပုဂံဒေသ မင်္ဂလာစေတီရှိ စဉ့်ရုပ်ချပ် အနုပညာ’’  စာတမ်းကိုလည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်စန်းစန်းမွန် က “ပုဂံရှေးဟောင်းသုတေသနပြတိုက် ပုဂံခေတ် လက်မှုအနုပညာ ပြခန်းမှ အဝတ်ပန်းချီလေ့လာချက်’’ စာတမ်းကိုလည်းကောင်း၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးဇော်ထက်အောင်က “ရှေးဟောင်းအဆောက်အအုံများ၏ ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်သည့် နည်းစနစ်များလေ့လာချက်” စာတမ်းကိုလည်းကောင်း ဖတ်ကြားခဲ့ကြပါသည်။ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက နိဂုံးချုပ် စကားပြောကြားပြီးနောက် စာတမ်းဖတ်ပွဲအခမ်းအနားကို (၁၁:၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။