(၇၅)နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲ ခင်းကျင်းပြသမှုများ လှည့်လည်စစ်ဆေးရန်ကုန် ၊ ဇူလိုင် ၁၈

(၇၅)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ (၀၉း၂၅)နာရီတွင် ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)သို့ရောက်ရှိပြီး ပါလီမန်အဆောက်အအုံ နေရာ၊ နိုင်ငံတော် အလံတင်အခမ်းအနား ကျင်းပရာနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမနှင့် အဆိုပါ အစည်းအဝေးခန်းမအတွင်းရှိ ခင်းကျင်းပြသထားသည့် ပြသပစ္စည်းများ နှင့် ခင်းကျင်းပြသထားမှုများအား လှည့်လည်စစ်ဆေး ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် (၁၀း၄၅) နာရီတွင် ရန်ကုန်တိုင်း‌ ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ ရောက်ရှိပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့အထူးပြပွဲအတွက် ဗိုလ်ချုပ်ပြတိုက်အတွင်း ခင်းကျင်းထားမှုများ၊  ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် စိမ်းလန်းစိုပြည် သာယာလှပရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းပေါင်းချုပ် အပြည့်အစုံကို  ၃၂ လက္မ Touch Screen ဖြင့်ပြသထားမှု၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများ၊ ဈာပနအခမ်းအနားတို့ကို Hologram ဖြင့် အများပြည်သူ အလွယ်တကူလေ့လာ သိရှိနိုင်စေရေးအတွက် Digital Museum နည်းပညာအသုံးပြု၍  ခင်းကျင်းပြသထားမှုတို့နှင့် စိုက်ခင်း ပြင်ဆင်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။