အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၈)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို (၁၈-၇-၂၀၂၂)ရက်နေ့ (၁၀:၀၀)နာရီတွင် အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ဓမ္မာရုံ၌ ကျင်းပခဲ့ပြီး ဆရာဒကာဘုန်းတော်ကြီးကျောင်းဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ပုလဲကျွန်းလမ်း၊ရွှေစေတီဝိစာရ ဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ဓမ္မသာရ ဦးစီးသော ဆရာတော်သံဃာတော် (၁၀)ပါးတို့အား ပင့်ဖိတ်၍ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈) ရပ်ကွက်၊ ပုလဲကျွန်းလမ်း ရွှေစေတီဝိစာရဓမ္မရိပ်သာကျောင်းတိုက် ဒုတိယနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိစာရ အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္စျာယ်တော်မူခြင်း၊ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပဓာနနာယက ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ဓမ္မသာရ အရှင်သူမြတ်က တရားချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ အခမ်းအနားကို (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။