စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောင်းဖြူကျေးရွာပတ်ဝန်းကျင်မှ ရရှိသော ရှေးဟောင်းရွှေထည်ပစ္စည်းများအတွက် ထိုက်တန်စွာ ဆုကြေးချီးမြှင့်ခဲ့ခြင်း

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ရဲသွေး (ဧည့်လမ်းညွှန်) ဆိုသူမှ ရေးသားထားသော “ထူးခြားဆန်းပြားတဲ့ ပုံသဏ္ဍာန်နဲ့ ယဉ်ကျေးမှုအဆင့်မြင့်မားလှသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများ တွေ့ရှိ” ဟူသည့်ခေါင်းစီးနှင့် 7 Day Thadin မှ ပျံ့နှံလာသောသတင်းနှင့်ပတ်သက်၍ ၎င်းသတင်းမှာ မှားယွင်းစွာ ဖော်ပြထားသော သတင်းသာဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ စိစစ်တွေ့ရှိရပါသည်။

ထိုသတင်းအမှန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောင်းဖြူကျေးရွာနေ ဦးကျော်မိုး သည် (၉-၁၂-၂၀၂၀) ရက်နေ့တွင် ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ(၁၀၀၀)ခန့်အကွာရှိ ချောင်းအတွင်း ရေခပ်ရန် သွားရောက်စဉ် ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျထားသည့်နေရာတွင် ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန်တစ်ကျပ်သားခန့်ရှိ ရွှေထည်ပစ္စည်းတစ်ခုကို တွေ့ရှိရ သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဝေ၊ တစ်ရွာတည်းနေသူများဖြစ်သည့် ဦးချစ်စန်းဦး၊ ဦးလှမင်းဦးတို့အား အသိပေးအကြောင်းကြားသည့်သတင်း ပျံ့နှံ့လာသဖြင့် ကျေးရွာသားအချို့နှင့် အတူ အဆိုပါနေရာသို့ ထပ်မံသွားရောက်၍ ရှာဖွေခဲ့ပါသည်။ ထိုသို့ ရှာဖွေရာတွင် ချောင်းကမ်းစပ်ရှိ ရေထဲမှ အလေးချိန် ငါးမူသားကျော်ခန့်ရှိ ရွှေထည်ပစ္စည်း (၃) ခု ထပ်မံတွေ့ရှိရသည်။

          အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရှေးဟောင်းရွှေထည်ပစ္စည်းများ တွေ့ရှိရာနေရာသို့ မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဌနှင့် အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ စစ်ကိုင်းဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် (၁၂-၁၂-၂၀၂၀) ရက်နေ့ တွင် ကွင်းဆင်းကြည့်ရှု့ခဲ့ပြီး ဒေသခံအချို့အား တွေ့ဆုံ၍ ရှေးဟောင်းဝတ္ထုပစ္စည်းများအား တရား မဝင်ရောင်းချခြင်းမပြုဘဲ နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာဆုချီးမြှင့်ကြောင်းနှင့် မိမိတို့ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါ သည်။

ထိုသို့အသိပညာပေးဟောပြောပြီးနောက် ဒေသခံများက ရှေးဟောင်းရွှေထည်ပစ္စည်း (၁၄) ခုနှင့် ကြေးဟင်္သာအလေး (၂) ခုတို့ကို (၂၈-၁၀-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဌာနခွဲသို့ ပေးပို့အပ်နှံခဲ့ပါ သည်။ ၎င်းရွှေထည်ပစ္စည်းများနှင့် ကြေးဟင်္သာအလေးတို့ကို ရှေးဟောင်းဝတ္ထုပစ္စည်းစစ်မှန်ခြင်း ရှိ / မရှိ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ပျူခေတ်အနုပညာလက်ရာမြောက်သော ရွှေဟုယူဆရသော ပုတီးစေ့များနှင့် ကနုတ်ပုံလက်ရာပါရှိသည့် ဆွဲပြားဖြစ်ကြောင်း၊ ပန်းတိမ်အနုပညာလက်ရာ ကောင်းမွန်မှုတို့ကြောင့် ရှားပါးသောရှေးဟောင်းပစ္စည်းများဖြစ်ကြောင်း၊ ကြေးဟုယူဆရသော ဟင်္သာအလေး (၂) ခုမှာလည်း ရတနာပုံခေတ်လက်ရာများဖြစ်ကြောင်း ဆုကြေးငွေပေး၍ စုဆောင်းသင့် ကြောင်း သုံးသပ်ကြပါသည်။

                အဆိုပါ ရွှေပုတီးစေ့ (၁၃) စေ့၊ ရွှေကနုတ်ပုံလက်ရာပါရှိသည့်ဆွဲပြား (၁) ခုနှင့် ကြေး အလေး (၂) ခုတို့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ (၁၄.၁.၂၀၂၁) ရက်နေ့တွင် သွားရောက်၍ အရည်အသွေးနှင့် အလေးချိန်တို့ကို  စစ်ဆေးခဲ့ရာ (၂၂) ကာရက် အရည်အသွေးရှိပြီး ရွှေထည်ပစ္စည်း (၁၄) ခု၏ စုစုပေါင်း အလေးချိန် (၁၇၉.၅) ဂရမ်၊ ကြေးအလေး (၂) ခု၏ အလေးချိန်မှာ (၁၆၄.၃ ) ဂရမ် ရှိပြီး တွေ့ရှိသူဒေသခံများအား မူလတန်ဖိုး + ခေတ်ကာလ တန်ဖိုး + ခေတ်လက်ရာတန်ဖိုး + ထပ်ဆောင်းတန်ဖိုးအပါအဝင် ဆုကြေးငွေ ကျပ် ၃၄၉၃၆၈၆၁/- (ကျပ် သုံးရာလေးဆယ့်ကိုးသိန်း သုံး သောင်း ခြောက်ထောင် ရှစ်ရာခြောက်ဆယ့်တစ်တိတိ)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို (၂၆.၁.၂၀၂၁) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များဌာနခွဲမှ ကိုယ်စားလှယ်များနှင့်အတူ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

              သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှတွေ့ရှိသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း များကို တာဝန်သိသိလာရောက်အပ်နှံပါက ပစ္စည်း၏ မူလတန်ဖိုးအပြင် အနုစိတ်လက်ရာတန်ဖိုးနှင့် ရှေးဟောင်းခေတ်ကာလတန်ဖိုးများပါ ထပ်ဆောင်းလျက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ယဉ်ကျေး မှုတန်ဖိုးမြင့်မားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စုဆောင်းထိန်းသိမ်းလျက်ရှိပါကြောင်း သတင်း ရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.