အီတလီနိုင်ငံမှ Hydrologist ပညာရှင် Mr.Messimo Sartiနှင့် အဖွဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်း ပတ်ဝန်းကျင်၌ ပျူခေတ်ဆိုင်ရာ ရေအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှုကွင်းဆင်းလေ့လာ

ကမ္ဘာ့အမွေအနှစ်စာရင်း၀င် ဗိဿနိုးမြို့ဟောင်းအတွင်းနှင့် ပတ်၀န်းကျင်နေရာများရှိ ပျူခေတ်ဆိုင်ရာ ရေအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အထောက်အထားများအား ကွင်းဆင်းလေ့လာမှုလုပ်ငန်းများကို အီတလီနိုင်ငံမှ Hydrologist ပညာရှင်   Mr.Messimo Sarti ဦးဆောင်ပြီး ဆက်သွယ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုး၊ ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦး၀င်းကြိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအေး၊ ဦးဖြိုးပြည့်ကိုကို တို့လိုက်ပါ၍  ၂၀.၈.၂၀၂၂ ရက်နေ့မှ ၂၁.၈.၂၀၂၂ ရက်နေ့အထိ ကွင်းဆင်း သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ပညာရှင်နှင့်အဖွဲ့သည် မြို့‌ဟောင်း၏ အရှေ့မြောက်ဘက် ရွှေရောင်တော်ဘုရားအနီးရှိ ဘုရားကြီးကန်၏ ရေ၀င်လမ်းကြောင်းနှင့် ရေထုတ်လမ်းကြောင်းနေရာများအား ကွင်းဆင်း လေ့လာခြင်း၊ အင်းရွာကြီးအနီးရှိ ‌အင်းကြီးကန်၏ အနီးပတ်၀န်ကျင်နေရာများ၊ တိမ်မြုပ် ပျောက်ကွယ်နေသော အနောက်ဘက်မြို့ရိုးတစ်လျှောက် တူးဖော်သုတေသနပြု ဆောင်ရွက်ရန် လိုအပ်မည့်နေရာများနှင့် ရန်ပယ်ချောင်းရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးတွင် ပေါ်နေသည့် အနောက်ဘက်မြို့ရိုးဟု ယူဆရသည့်နေရာများတွင် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက် ခဲ့ကြပါသည်။ ၂၁.၈.၂၀၂၂ ရက်နေ့တွင် အရှေ့ဘက်မြို့၀င်ပေါက် BTO(35)၊ မြောက်ဘက်မြို့၀င်ပေါက် BTO(22) နေရာများအား ကွင်းဆင်းလေ့လာခြင်း၊ မြို့ဟောင်း၏ မြောက်ဘက်ရှိ စတုံချောင်းနှင့်၊ ယင်းစတုံချောင်းမှ တူးမြောင်းများဖြင့် ရေသွယ်ယူစိုက်ပျိုးသည့် မိရိုးဖလာဓလေ့တစ်ခုဖြစ်သော စတုံအောက်ဆည်တူးမြောင်းများမှ ရေသွင်းစိုက်ပျိုးနေမှုများ အားကွင်းဆင်းလေ့လာခြင်း၊ အင်းရွာကြီးကျေးရွာမြောက်ဘက်ရှိ အနောက်မြောက်ထောင့်မြို့ရိုး နေရာအားကွင်းလေ့လာခြင်းနှင့် ယခုနှစ်တွင် တူးဖော်သုတေသနပြု ဆောင်ရွက်လျက်ရှိသော တောင်ဘက်မြို့ရိုး၏ မြို့၀င်ပေါက် တစ်ခုဖြစ်သော BTO(42) နေရာအား ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ တိမ်မြုပ်ပျောက်ကွယ်နေသော ဗိဿနိုးမြို့ဟောင်း၏ အနောက်ဘက်မြို့‌ရိုးနှင့် ဆက်စပ်လျှက်ရှိသောနေရာများတွင် စမ်းသပ်ကျင်းငယ်များတူးဖော်ပြီး မြေလွှာလေ့လာ မှုများကို ဆောင်ရွက်ရန်နှင့် မြေလွှာပို့ချမှု၊ ရေတိုက်စားမှုအခြေအနေများကို လေ့လာမှတ်တမ်း တင်ရန်၊ ရှေးခေတ်ရေအသုံးချမှုစနစ်များကို ပြန်လည်ဖော်ထုတ်ရန်နှင့် geomorphology map ရေးဆွဲရန်တို့ကို အီတလီနိုင်ငံမှ Hydrologist ပညာရှင် Mr.Messimo Sartiက အကြုံပြုခဲ့ပါသည်။ ဗိဿနိုးမြို့ဟောင်း၏ အနောက်ဘက်မြို့ရိုးနှင့်ဆက်စပ်လျက်ရှိသော နေရာများတွင် စမ်းသပ်ကျင်းငယ်များ တူးဖော်ကာမြေလွှာ လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မြို့ဟောင်းတစ်ဝိုက် ရေအသုံးချမှုဆိုင်ရာ မြေပြင်ကွင်းဆင်း လေ့လာမှု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရန်၊ အထက်ပါမြို့ဟောင်းတစ်ဝိုက် ရေအသုံးချမှု ဆိုင်ရာများကို ပြန်လည် ဖော်ထုတ်နိုင်ရေး မြေပြင်ကွင်းဆင်းလေ့လာမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.