သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို မွန်ပြည်နယ်၊ ပွင့်နေခြင်ဇာတ်သဘင်အဖွဲ့အတွက် ထောက်ပံ့ငွေပေးအပ် နေပြည်တော် အောက်တိုဘာလ ၉ ရက်

အောက်တိုဘာလ ၅ ရက်နေ့က မြဝတီအာရှလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသဘင်အစည်းအရုံးဝင် မွန်ပြည်နယ်မှ ပွင့်နေခြည်ဇာတ်အဖွဲ့အား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅) နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ယနေ့နံနက် ၀၉:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်ပြီး ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ကရုဏာ စကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အနုပညာရှင်ဝန်ထမ်းများ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးစိန်မြအောင်၊ အတွင်းရေးမှူး ဦးနေဝင်းနှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါ သည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အမှာစကားပြောကြားရာတွင် ယခုလိုပွင့်လင်းရာသီ ကာလ၌ သဘင်အနုပညာရှင်များအနေဖြင့် ကပ်ရောဂါဘေးဆိုးကြီးအကြားမှ ရုန်းကန်လှုပ်ရှားရန် ကြိုးပမ်းရင်းဖြင့် တစ်စုတစ်ဝေးတည်း ယခုကဲ့သို့ ကြုံတွေ့သွားကြရခြင်းအတွက် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊ သဘင်အစည်းအရုံးမှ တာဝန်ရှိသူများအနေနဲ့ သတင်းရလျှင်ရခြင်း ကူညီဆောင်ရွက်သင့်သည်များကို ငွေအား၊ လူအားဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ခြင်း အတွက် အသိအမှတ်ပြုလေးစားပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံသဘင်အစည်းအရုံးကြီးကို ကူညီချင်သောစေတနာ၊ စာနာတတ်သော စိတ်ထားများဖြင့် အလေးအနက်ထား၍ ယခုကဲ့သို့ အခမ်းအနားကျင်းပကာ  ကူညီထောက်ပံ့ခြင်းဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)သို့ ၂၂၀၀၀၀ဝိ/ – ( ကျပ်နှစ်ဆယ့်နှစ်သိန်းတိတိ )ကို ထောက်ပံ့ပေးအပ်ရာ အစည်းအရုံးဥက္ကဋ္ဌ ဦးစိန်မြအောင်၊ အတွင်းရေးမှူး ဦးနေဝင်းနှင့် ဗဟိုကော်မတီဝင် ဦးမြစည်သူတို့က လက်ခံ ရယူခဲ့ကြ ပါသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော အနုပညာရှင်ဝန်ထမ်းများက ငွေကျပ် ၃၀၀၀၀ဝိ/-(ကျပ်သုံးသိန်းတိတိ)ကိုလည်းကောင်း၊ အနုပညာရှင် လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်သန္တာလင်းက ငွေကျပ် ၂၀၀၀၀ဝိ/-(ကျပ်နှစ်သိန်းတိတိ)ကိုလည်းကောင်း ပေးအပ် လှူဒါန်းရာ မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုကော်မတီဝင် ဦးဌေးလွင်က လက်ခံရယူခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးစိန်မြအောင်က ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.