မဲခေါင်-လန်ချန်း ရိုးရာအကပွဲတော် ကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ  မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့် Traditional Dance Festival of Mekong – Lancang ပွဲတော်   ကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၈-၁၁-၂၀၂၂ ရက် (အင်္ဂါနေ့)၊ နံနက် ၀၉၀၀ နာရီအချိန်တွင် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

              အဆိုပါအစည်းအဝေးတွင် မဲခေါင်-လန်ချန်း ရိုးရာအကပွဲတော် ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၁၆ ခုနှစ်၊ မတ်လမှာ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ၊ ဆန်းယမြို့မှာ ကျင်းပခဲ့ပြီး ဆန်းယကြေညာစာတမ်း(Sanya Declaration)ကို ကြေညာနိုင်ခဲ့ပါကြောင်း၊ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ မဲခေါင်ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံအသိုက် အဝန်း တည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်သွားရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation)ကို တိုးမြှင့်သွားရန် ဖြစ်ပါ ကြောင်း၊ ယခုနှစ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အနုပညာနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့် စီမံကိန်း ၃ ခုရှိပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)က စီမံကိန်း ၂ ခုနှင့် အနုပညာဦးစီးဌာနက စီမံကိန်း ၁ ခု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  အနုပညာဦးစီးဌာနက ဆောင်ရွက်မည့် Tradi-tional Dance Festival of Mekong-Lancang ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခု အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်းကို မူလက Inperson ဖြင့် ကျင်းပရန် ရည်ရွယ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် Virtual စနစ်ဖြင့် ကျင်းပသွား မည်ဖြစ်ပါကြောင်း၊ ပွဲတော်ကို ကျင်းပပြုလုပ်ခြင်းဖြင့် ရိုးရာယဉ်ကျေးမှုကြွယ်ဝသော မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ၏ ဂုဏ်ယူစရာဖြစ်သည့် ယဉ်ကျေးမှုဆိုင်ရာ မတူညီမှုများ၊ ကွဲပြားမှု များကို သိရှိလေ့လာနိုင်ရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးလာခြင်း၊ နည်းပညာနှင့် ရုပ်ဝတ္ထု ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် မဲခေါင်- လန်ချန်း ဒေသတွင်းနိုင်ငံများအနေဖြင့် တူညီ သော စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေကြရသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင် ရန်၊ ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် မဲခေါင်- လန်ချန်းဒေသတွင်းရှိ အနုပညာရှင် လူငယ်များအကြား ပိုမို ချစ်ခင်ရင်းနှီးမှုများဖြင့် ဆောင်ရွက်နိုင်စေရန်စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ မဲခေါင်-လန်ချန်း ရိုးရာအကပွဲတော် ကျင်းပရေးဦးစီးကော်မတီ   အတွင်းရေးမှူး၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက  မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်မည့် Traditional Dance Festival of Mekong – Lancang ပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။           ဆက်လက်၍ တက်ရောက်လာသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ် များက ပွဲတော်ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။  ထို့နောက် မဲခေါင် – လန်ချန်း ရိုးရာအကပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုဆောင်ရွက်မည့် မဲခေါင်-လန်ချန်း ရိုးရာအကပွဲတော် အောင်မြင်ပြီးမြောက် အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် အခြားလိုအပ်သည်များ ဖြည့်စွက်မှာကြား၍ အစည်းအဝေးကို ၁၀၀၀ နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.