ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား ‌နေပြည်တော်၊ ၂၅.၁၁.၂၀၂၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀) နာရီတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊‌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ ဖိတ်ကြားထားသော အခြေခံပညာကျောင်းများမှ ကြီးကြပ်သူ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာ၌ ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့်အမှတ်တရဈေးရောင်းပွဲတော်ကို အသိပညာ ဗဟုသုတရှာဖွေသူ ပြည်သူလူထုအား အထောက်အပံ့ဖြစ်စေရန်၊ စာဖတ်ရှိန်မြင့်မားရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ဘဝနေထိုင်ရေးတွင် အထောက်အကူဖြစ်စေမည့် ဗဟုသုတဆိုင်ရာ စာအုပ်စာပေများကို လက်တွေ့အကျိုးရှိစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)တွင် မြန်မာဘာသာစာအုပ်များ၊ အင်္ဂလိပ်ဘာသာစာအုပ်များ၊ ဘွဲ့ယူကျမ်းများ၊ ပြည်ပမှ ထုတ်ဝေသည့် မြန်မာနိုင်ငံအကြောင်း ဆိုင်ရာစာစုများ၊ စာနယ်ဇင်းများ၊ ရှေးဟောင်းပေစာ၊ ပုရပိုက်များစသည့် စာပေအနုပညာပစ္စည်း များကို စုဆောင်းထိန်းသိမ်းပြီး အများပြည်သူကို ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း၊ ထို့အပြင် e-Library စာဖတ်ခန်းတွင်လည်း အင်တာနက်ကို အသုံးပြု၍ စာပေဗဟုသုတများကို ရှာဖွေဖတ်ရှု နိုင်ပြီဖြစ်ပါကြောင်း၊ အမျိုးသားစာကြည့်တိုက်၏ ရည်မှန်းချက်ဖြစ်သည့် “အမျိုးသားစာပေအမွေ အနှစ်များ စုဆောင်းထိန်းသိမ်းဝန်ဆောင်မှုပေးရာ ဗဟိုဌာန ဖြစ်လာစေရန်” ဆိုသည့် ရည်မှန်းချက် နှင့်အညီ မြန်မာနိုင်ငံအရပ်ရပ်တွင်ရှိသည့် ရှေးဟောင်းစာပေအမွေအနှစ်များကို စုဆောင်းခြင်း၊ ခေတ်မီနည်းစနစ်များဖြင့် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ရှေးဟောင်းပေစာ၊ ပုရပိုက်စာများကို ဒီဂျစ်တယ်ပုံစံဖြင့် အများပြည်သူဖတ်ရှုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်မြင့်မားရေးအတွက်

အသိပညာဗဟုသုတ ရှာမှီးရေးသည် အလွန်အရေးကြီးပါကြောင်း၊ အသိပညာဗဟုသုတ၏ အခြေခံ သည် စာပေဖြစ်သည့်အတွက် စာပေမြင့်မှ လူမျိုးမြင့်မည်ဆိုသည့် ဆောင်ပုဒ်အတိုင်း စာပေနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်များက တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကလေးစာကြည့်တိုက်အစီအစဉ်အနေဖြင့် ကလေးများစာကြည့်တိုက်အသုံးပြုမှု ရင်းနှီးကျွမ်းဝင်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်းအလေ့အထ ပြုစုပျိုးထောင်ပေးနိုင်ရေး၊ ပြင်ပဗဟုသုတနှင့် အတွေ့အကြုံကောင်းများ ရရှိစေရေးအတွက် နေပြည်တော်ဝန်းကျင်ရှိ အခြေခံ ပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်သည့် အစီအစဉ်များလည်း ပါရှိမည်ဖြစ်ပါကြောင်း၊ ပျော်ပွဲရွှင်ပွဲ၊ အမှတ်တရ ဈေးရောင်းပွဲလည်း ပါရှိမည်ဖြစ်ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ဝေသည့် စာအုပ်များ၊ ပြင်ပမှ စာအုပ်အရောင်းဆိုင် များ၊ စာကြည့်တိုက်အမှတ်တရပစ္စည်းများနှင့် အစားအသောက်များ ရောင်းချသွားမည်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်ကလေးများအား စာများများ ဖတ်ရန် တိုက်တွန်းလိုပါကြောင်း၊ ကံချင်းတူလျှင် ဉာဏ်ရှိသူက ရှေ့သို့ရောက်ပါကြောင်း၊ ဉာဏ်ချင်း တူလျှင် ဝီရိယရှိသူက သာပါကြောင်း၊ ဝီရိယ ရှိသူချင်းတူလျှင် စာဖတ်သူက ရှေ့သို့ ရောက်မည် ဖြစ်ပါကြောင်းတို့ကို ပြောကြားခဲ့ပါသည်။ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး များက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရှားပါးစာအုပ်ပြပွဲ ခင်းကျင်းထားမှုများနှင့် ကလေးစာကြည့်တိုက် အစီအစဉ်ကျင်းပနေမှုများကို လိုက်လံကြည့်ရှုခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်းနှင့် ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော်ကို ၂၅-၁၁-၂၀၂၂ ရက်နေ့မှ ၂၇-၁၁-၂၀၂၂ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.