သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ယွန်းပညာကောလိပ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ အခမ်းအနားပြင်ဆင်မှု ကြည့်ရှုစစ်ဆေးခြင်းနှင့်ရွှေစည်းခုံ စေတီတော် အလင်းမီးပူဇော်ခြင်း၊ ချူအင်လိုင်းတန်ဆောင်းတွင် LED Screen လှူဒါန်းခြင်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း ပုဂံ ၊ နိုဝင်ဘာ  ၂၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နေ့လယ်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ယွန်းပညာကောလိပ် ဘွဲ့နှင်းသဘင်ခန်းမသို့ ရောက်ရှိ၍  အနုပညာဦးစီးဌာန၏   “ပုဂံခေတ် နတ်ချင်း” စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားခဲ့ပါသည်။  

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်၌ ယနေ့ ညနေ (၁၇:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်သော မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ လှူဒါန်းသည့် ရွှေစည်းခုံစေတီတော်အလင်းမီးပူဇော်ခြင်းနှင့် ချူအင်လိုင်း တန်ဆောင်း LED Screen Board  တပ်ဆင်ခြင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊   မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Mr. Chen Chen၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း Senior President ဦးသစ္စာနှင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပုဂံညောင်ဦးဒေသ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

           အဆိုပါ အခမ်းအနား၌ သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် ချူအင်လိုင်းတန်ဆောင်းသည် တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးအစဉ်အလာကောင်း၏ ပြယုဂ်တစ်ခု ဖြစ်ပါကြောင်း၊ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် ရင်းနှီးမှုနှင့် နီးကပ်မှုအတွက် သက်ရောက်စေသည့်အသုံးအနှုန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ခင်မင်ရင်းနှီးမှုသည် ၁၉၆၁ ခုနှစ်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ ရွှေစည်းခုံဘုရားတွင် ယခုတန်ဆောင်းတည်ဆောက်ရန် လှူဒါန်းပြီးနောက်ပိုင်းတွင် ပိုမိုခိုင်မြဲလာပါကြောင်း၊ စေတီပုထိုးများအနီးအနားတွင် စိတ်အေးချမ်းစွာ ဘုရားကိုအာရုံပြု၍ တရားဘာဝနာ ပွားများနိုင်ရေး တန်ဆောင်းဆောက်လုပ်လှူဒါန်းမှုသည် ယနေ့တိုင် ဆက်လက် ကျင့်သုံးနေသည့် အစဉ်အလာကောင်း တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာများကို နီးကပ်စေရန် ဆောင်ရွက်သည့် နောက်ခံ သမိုင်းကြောင်းလည်း ရှိခဲ့ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှ ယနေ့အချိန်အထိ နယ်စပ်ကုန်သွယ်ရေး တစ်လျှောက် စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ခိုင်မာလာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံက စီးပွားရေးဆိုင်ရာအကူအညီနှင့် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးအတွက် နည်းပညာဆိုင်ရာအကူအညီများကိုလည်း ပံ့ပိုးပေးနေပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် (၉)ကြိမ်တိုင်တိုင် လာရောက်ခဲ့သည်ဟုလည်း သိရှိရပြီး ဝန်ကြီးချုပ် ချူအင်လိုင်း၏ မြန်မာနိုင်ငံ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက်လည်ပတ်ခြင်း နှစ်ပတ်လည်အခမ်းအနားများကို ဤချူအင်လိုင်း တန်ဆောင်းတွင်ပင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ယခုလို ပရဟိတ လှူဒါန်းမှုများနှင့် အထိမ်းအမှတ်အခမ်းအနား ဆောင်ရွက်ခြင်းသည်ပင် ဝန်ကြီးချုပ် ချူအင်လိုင်း၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်စေတနာကို အသိမှတ်ပြုခြင်းပင် ဖြစ်ပါကြောင်း၊ ချူအင်လိုင်း တန်ဆောင်းတွင် ဘုရားဖူးဧည့်သည်များ နားခိုနေနိုင်ခြင်းအပြင် ရွှေစည်းခုံစေတီတော်ကြီး၏ သမိုင်းကြောင်းအချက်အလက်များ၊ စေတီပုထိုးများ၊ မြန်မာမှုအနုလက်ရာများ၊ ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသ၏ ရှုခင်း အလှအပများကို ကြည့်ရှုနိုင်စေရန်အတွက် LED Board နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်လှူဒါန်းခြင်း၊ LED မီးဆလိုက်များ တပ်ဆင် လှူဒါန်းခြင်းတို့နှင့် မြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်ပါ ပံ့ပိုးကူညီပေးမှုတို့အတွက် မြန်မာနိုင်ငံအစိုးရ ကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Mr. Chen Chen က ရွှေစည်းခုံစေတီတော် အလင်းမီးပူဇော်ခြင်းနှင့် ချူအင်လိုင်းတန်ဆောင်း LED Screen Board  တပ်ဆင်ခြင်း လှူဒါန်းခဲ့မှုအပေါ် ဝမ်းမြောက်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ကိုယ်စား ဥက္ကဌ ဦးကျော်မြင့်က LED Board နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်လှူဒါန်းခြင်း၊ LED မီးဆလိုက်များ တပ်ဆင် လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက  မန္တလေးမြို့ အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Mr. Chen Chen သို့ ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခြင်း၊ ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က မြန်မာ-တရုတ်ပူးပေါင်း ဆက်ဆံရေးဗဟိုအသင်းသို့ ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

၎င်းနောက် ရွှေစည်းခုံစေတီတော် အလင်းမီးအား ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ ကမ္ပည်းကျောက်စာ အား အမွှေးနံ့သာရည်ဖျန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို  (၁၇:၄၀)  နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.