(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ဆက်လက်ကျင်းပ နေပြည်တော် နိုဝင်ဘာ ၃၀

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ်ပဒေသာကပွဲ ပဉ္စမနေ့ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည်။

ပဒေသာကပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်မှအရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဖျော်ဖြေတင်ဆက်

ပဒေသာကပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဦးနန်းညွန့်ဆွေ (မန္တလေး) ဇာတ်ညွှန်းရေးဖွဲ့သည့် “အသက်ထက်မြတ်သောဂုဏ်သိက္ခာ” ဆိုသည့်ဖြစ်ရပ်မှန်သမိုင်းကို အခြေပြုတင်ဆက်ထားသည့် ပြဇာတ်ကြီးကို ဖျော်ဖြေတင်ဆက်ကြသည်။

အဆိုပါ ပြဇာတ်ကြီးကို မြန်မာ့သမိုင်းတွင် ရတုရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင် မင်းတရားကြီး၏ သမီးတော်ဖြစ်သော်လည်း လောကဒဏ်အနိမ့်အမြင့်အတက်အကျတွင် လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ်ရာဖြစ်ရပ်နှင့်အတူ ပဒေသရာဇ်များ၏ အားပြိုင်မှုမှဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းများကို နောက်ခံလျက်စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာပြောင်မြောက်ခဲ့သော နတ်သျှင်နောင်သည် မိမိတို့၏ နိုင်ငံတွင်းပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကိုအကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသောသမိုင်း နိဂုံးဖြင့်ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမှုစရာ သင်ခန်းစာဖြစ်ရပ်တစ်ခုအနေဖြင့် တင်ဆက်ပြသခြင်းဖြစ်သည်။

စီစဉ်ဆောင်ရွက်ထား

အဆိုပါ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်ကြီးကို ၂၀၂၃ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံကြီး၌ အများပြည်သူများကို ဆက်လက်ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဖျော်ဖြေတင်ဆက်မှုအပြီးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့မှ ဂုဏ်ပြုပန်းခြင်း ဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဂုဏ်ပြုဆုငွေများနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှလည်း ဂုဏ်ပြုဆုငွေများဖြင့် လည်းကောင်း အသီးသီးပေးအပ်ကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

Be the first to comment

Leave a Reply

Your email address will not be published.