မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၀၃:၁၆) အချိန်၌ လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍ ရှေးဟောင်းအဆောက်အအုံများထိခိုက်ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည့်သတင်း


မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၀၃:၁၆) အချိန်၌ မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက်(၁၅)မိုင်ခန့်အကွာ၊ တံတားဦးမြို့၏ အရှေ့ဘက်(၄)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၁.၈၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၃)ဒီဂရီ၊ အနက် (၆၃)ကီလိုမီတာကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါသည်။


ယင်းငလျင်လှုပ်ခတ်မှုကြောင့် ရှေးဟောင်းအဆောက်အအုံများ၏ ထိခိုက်ပျက်စီးမှု အခြေအနေများအား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ အင်းဝဒေသအတွင်း ဒေါ်ဂျမ်းဘုရားစုရှိ ဘုရား(၇)ဆူမှာ ထိခိုက်မှု အနည်းငယ်ရှိခြင်း၊ အင်းဝ စည်တိုပုံမြို့ရိုးအတွင်းရှိ သစ္စာတိုက်(ရတနာဘုံမ်သာ) ဘုရားနှင့် မယ်နု အုတ်ကျောင်း မြောက်ဘက်ခြမ်းတို့တွင် အနည်းငယ်ထိခိုက်မှုရှိခြင်း၊ မန္တလေးမြို့ မြနန်းစံကျော် ရွှေနန်းတော်၊ သစ်တပ်ဝင်းအတွင်းရှိ ဒင်္ဂါးစက်ရုံတောင်ဘက်ခြမ်း အတွင်းခန်းနံရံအက်ကွဲခြင်း၊ ဥပုသ်တော်ဆောင် အနောက်တောင်ထောင့် အတွင်းခန်းနံရံအက်ကွဲခြင်း၊ မင်းတုန်းမင်းတရားကြီး အုတ်ဂူတော်ကြမ်းခင်း အက်ကွဲခြင်း၊ နန်းခုံအပေါ်ရှိ အရှေ့ဘက်နှင့်မြောက်ဘက်ခြမ်း ကြမ်းခင်း ကွဲအက်ပျက်စီးခြင်း၊ ဗားကရာကျောင်းတော်အတွင်း ခင်းကျင်းပြသထားသော ရှေးဟောင်းဘုရား ဆင်းတုတော်များအနက် ဆင်းတုတော်(၁၂)ဆူ လဲကျထိခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်း ဒေသအတွင်းရှိ မြသိန်းတန်စေတီ၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ပြုတ်ကျခြင်း၊ အဝင်မုခ်ဦးနှင့် သီတာခုနှစ်တန် တောင်ဘက်တို့၏ နံရံများအနည်းငယ်ကွာကျခြင်း၊ တောင်ဘက်ရှိ ခြင်္သေ့ကြီး၏ လက်မောင်းရင်း ယခင်ပဲ့ထားသောနေရာမှာ ထပ်မံ၍အုတ်များပဲ့ကျခြင်း၊ စက်တော်ရာဘုရား မြောက်ဘက် အပေါ်ပိုင်း အက်ကွဲခြင်းနှင့် အင်္ဂတေပဲ့ကျခြင်းတို့ဖြစ်ပွားခဲ့ကြောင်း ကနဦးစာရင်း ကောက်ယူသိရှိရပြီး ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.