ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏(၇၁)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးနှင့် ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်းဖွင့်လှစ်နိုင်ရေး အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားရန်ကုန်မြို့၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၁)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးနှင့် ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ယနေ့နေ့လယ် ၁၃၀၀ နာရီက ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဦးကိုကိုနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဦးပညိန္ဒနှင့် အဖွဲ့ဝင် ပညာရှင်ကြီးများ စုံညီစွာ တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် ဒီကနေ့ကျင်းပပြုလုပ်တဲ့ အစည်းအဝေးပွဲမှာ “ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်း” ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် မူမှန်ပြက္ခဒိန်ရေးဆွဲရေး၊ မဟာသင်္ကြန်စာရေးသား ပြုစုရေးတို့ကို လည်း ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန်များရေးဆွဲရာမှာ ဝါကြီးထပ်၊ ဝါငယ်ထပ် စသည်ဖြင့် ဝါထပ်၊ ရက်ငင် ကိစ္စရပ်များကို အထူးအလေးထားပြီး ရေးဆွဲကြရမှာဖြစ်ကြောင်း၊ မြန်မာပြက္ခဒိန်ဟာ သာသနာ့ဝန်ကို ထမ်းဆောင် တော်မူကြတဲ့ ရဟန်း၊ သံဃာတော်များအတွက် ဝိနည်းတော်နှင့်အညီ ဝါဆို၊ ဝါကပ်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အရေးပါတဲ့ သတ်မှတ်ချက်တစ်ခုလည်းဖြစ်ပါကြောင်း။

          မြန်မာပြက္ခဒိန်ပညာဘွဲ့လွန်ဒီပလိုမာ ၁ နှစ်နှင့် ၆ လ သင်တန်းနှင့် စပ်လျဉ်း၍ ဘွဲ့လွန် ဒီပလိုမာသင်တန်းမှာ Semester ၃ ခုခွဲ၍ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ Semester အလိုက် သင်ကြားပို့ချမည့် ဘာသာရပ်များ၏ သင်ရိုးညွှန်းတမ်းများကို ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များက အဖွဲ့ ၃ ဖွဲ့ခွဲ၍ ပြုစုရေးသားခဲ့သည့်အပေါ် ဥက္ကဋ္ဌဆရာတော်၊ ဒုတိယဥက္ကဋ္ဌ ဆရာကြီးများက ပြင်ဆင်ဖြည့်စွက် အတည်ပြုပြီးဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အတည်ပြုချက်ကို ရယူပြီးဖြစ်ပါကြောင်း။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ယင်းကိစ္စနှင့်စပ်လျဉ်း၍ “အမှန်တကယ်တတ်ကျွမ်းသူများ ဖြစ်စေရန်လိုပါ သည်”ဟု လမ်းညွှန်ခဲ့ပါသဖြင့် ပညာရှင်ကြီးများကိုယ်တိုင် အလေးအနက်ထား၍ သင်ကြားပေးရန် လိုအပ်မှာ ဖြစ်ပါကြောင်း။

          ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာ မေလမှစတင်ကာ သင်တန်းကိုစတင် ဖွင့်လှစ်ရန် လျာထားပြီးဖြစ်သည့်အတွက် သင်တန်းသားများခေါ်ယူနိုင်ရေးက အစပြုလို့ ပြင်ဆင်ဆောင်ရွက် ကြရတော့မှာဖြစ်ပါကြောင်း။

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ သက်တမ်း ၇၃ နှစ်အတွင်းတွင် ပထမဦးဆုံး စတင်ဖွဲ့လှစ်သော သင်တန်းတစ်ခုဖြစ်သည့်အတွက် အစစအရာရာတွင် လစ်ဟာချွတ်ချော်မှု မရှိစေရန် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးသွားကြဖို့ဖြစ်ပါကြောင်း။ ဒါ့အပြင် မြန်မာ-အင်္ဂလိပ် – ရခိုင် မူမှန်ပြက္ခဒိန်ရေးဆွဲရေးနှင့် မဟာသင်္ကြန်စာရေးသားပြုစုရေးတို့ကိုလည်း ပညာရှင်ကြီးများ အနေဖြင့် နှစ်စဉ်ဆောင်ရွက်နေကြအတိုင်း ဝိုင်းဝန်းကြိုးပမ်း ပြုစုရေးဆွဲနိုင်ရန် အတွက်လည်း ပန်ကြားလိုပါကြောင်းဖြင့် ထည့်သွင်းလျှောက်ထားတင်ပြခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဦးပညိန္ဒက အဖွင့်အမှာစကား မိန့်ကြားတော်မူပါသည်။ ထို့နောက် အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက (၇၁)ကြိမ်မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ မျက်နှာစုံညီ အစည်းအဝေးနှင့် ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာ သင်တန်းဖွင့်လှစ်နိုင်ရေး နှင့် စပ်လျဉ်း၍ လျှောက်ထားရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ အဖွဲ့ဝင် ဆရာကြီးများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခြင်း၊ ဥက္ကဋ္ဌ ဆရာတော်မှ လိုအပ်သည်များကို ပြန်လည်မိန့်ကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ် အမှာစကားလျှောက်ထား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်လည်းကောင်း၊ ဘွဲ့လွန်မြန်မာ ပြက္ခဒိန်ပညာဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေး အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ လည်းကောင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.