မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကျင်းပနေပြည်တော် ၊ မတ်လ ၇

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ယနေ့ (၁၀:၀၀) နာရီ၌ ပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်များ၊  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခများနှင့် ကျောက်ခေတ်သုတေသနလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြ ပါသည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က အမှာစကား ပြောကြားရာတွင် ယခင်ဆွေးနွေးပွဲများကနေ ရရှိလာ​သော အချက်အလက်တွေကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်စိစစ် သုံးသပ်ညှိနှိုင်းအတည်ပြုနိုင်ရန်အတွက် ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်​ကြောင်း၊ ယနေ့ ဆွေးနွေးမည့်် ခေါင်းစဉ်ကတော့ ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များကို ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ အသစ်အသစ်သော တွေ့ရှိချက်များ၊ သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကြောင့် အချို့သမိုင်းခေတ်များမှာ များစွာပီပြင် ပုံပေါ်လာပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ပြောင်းလဲထွန်းကားခဲ့သည့် ဖြစ်စဉ်များကို ပြင်ဆင်ရေးသား ထုတ်ဝေရန်လိုအပ်လာပြီဖြစ်ကြောင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ အသစ် သုတေသန တွေ့ရှိချက်များကို ပြည်ပအဖွဲ့အစည်းများမှ ပညာရှင်များ၏ အထောက်အထား ဆိုင်ရာ သုံးသပ်ချက်များ၊ သက်တမ်းတွက်ချက်မှုများဖြင့် ပေါင်းစပ်ဖြည့်စွက် ပေးနိုင်မည်ဖြစ်ပြီး ကျောက်ခေတ်နှင့် ပတ်သက်၍ မူကြမ်းရေးသားထားမှုမှာ ပိုမိုပြည့်စုံ၍ အထောက်အထား ခိုင်ခိုင်မာမာပြနိုင်မှာ ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် ပြည့်စုံမှန်ကန်သည့် ကျောက်ခေတ် အထောက်အထားများကို ဖော်ပြနိုင်မည်လို့ ယုံကြည်ပါကြောင်း၊ ယခုဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေဖြင့် မိမိတို့လေ့လာတွေ့ရှိထားသော အထောက်အထားများ၊ တွေ့ရှိချက်များ အပေါ်တွင် ပူးပေါင်းပါဝင်ဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဆွေးနွေးပွဲတွင်   ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်) ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က မြန်မာနိုင်ငံ ကျောက်ခေတ်နှင့် ပတ်သက်၍ ကိုယ်တိုင်ကွင်းဆင်း‌ လေ့လာမှုများ၊ သုတေသနတွေ့ရှိချက်တို့ကို စုစည်းပြုစုထားသည့် “မြန်မာ့ကျောက်ခေတ်” အကြောင်း ဆွေးနွေးရာတွင် မြန်မာသမိုင်းအဖွဲ့ ဒု-ဥက္ကဋ္ဌ(၂) ဒေါက်တာတိုးလှ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြ သော ပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခများနှင့် ကထိကများကလည်း ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က  တစ်စပ်တစ်ဆက်တည်းသော သမိုင်းစဉ်ကို အပြီးသတ်ထုတ်ဝေနိုင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့ ပြန်လည်ဖွဲ့စည်းရန်၊ ကဏ္ဍအလိုက် မာတိကာများကို ပြန်လည်ရေးဆွဲရန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းကြောင့် ပြတ်တောက်နေသော ကွင်းဆက်အထောက်အထားများ တဖြည်းဖြည်း ဖြည့်စွက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။           ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြတိုက်များ)က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ‌ဆွေးနွေးပွဲကို (၁၅:၃၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.