သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများသို့ လှည့်လည်စစ်ဆေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်အတွင်း ပြသပစ္စည်းများ ခင်းကျင်း ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြသပစ္စည်များ ခင်းကျင်းပြသရာတွင် အများ ပြည်သူ များ လွယ်ကူစွာ ကြည့်ရှုနိုင်ရေး စနစ်တကျ ခင်းကျင်းပြသရန်၊ ပြခန်းများအလိုက် Reading Corner ထားရှိနိုင်ရေး ဆောင်ရွက်ရန်၊ ပြသပစ္စည်းများ ကြံ့ခိုင်ရေး နှင့် လုံခြုံမှုရှိစေရေး စနစ်တကျ ကြီးကြပ် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မတ်လ (၁၅) ရက် နေ့လယ်ပိုင်းတွင် မြင်းကပါ ဂူပြောက်ကြီးဘုရားနှင့် မြစေတီဘုရားသို့ ဖူးမြော်ကြည်ညို၍ ထိန်းသိမ်းထားရှိမှု အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဒုတိယဝန်ကြီးက မြင်းကပါ ဂူပြောက်ကြီးဘုရားမှ ဆင်းတု များအား ပုဂံ ပြတိုက်တွင် ပြသပါက Caption တွင် Location ထည့်သွင်း ဖော်ပြရန်၊ နံရံပန်းချီများ တွင်ရှိသော Living ICH များအား မှတ်တမ်း ထားရှိရန်၊ မြစေတီကျောက်စာတွေ့ရှိရာနေရာတွင် Captionများကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ထားရှိရန်၊ ကျောက်စာရုံအတွင်းရှိ အုတ်ချပ်များ အား ပြတိုက်သို့ သယ်ယူ၍ စနစ်တကျ စာရင်းမှတ်တမ်းထားရှိ၍ သိမ်းဆည်းရန်၊ မြစေတီ ကျောက်စာရုံ Caption အား ပြင်ဆင်ဖြည့်စွက်၍ Caption အသစ်လဲလှယ်ရန်တို့ လမ်းညွှန်မှာကြား ခဲ့ပါသည်။

ဆက်လက်၍ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းမှုနှင့် တရုတ်ပညာရှင်အဖွဲ့ ယာယီရုံးခန်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နတ်လျောင်းကျောင်းသို့ ဆက်လက်၍ ထွက်ခွာခဲ့ရာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရေးအရ နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပြီး နတ်လျောင်း ကျောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေသည့် အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) အဖွဲ့မှ တာဝန်ရှိသူများက ကြိုဆို၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် ညောင်လက်ဖက်ကန်တူးဖော်မှုသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ Water Spill-way ဟု ယူဆရသောနေရာနှင့် တွေ့ရှိအထောက်အထားများကို ကြံ့ခိုင်ထိန်းသိမ်းရန် မှာကြားခဲ့ပြီးနောက် ဘုရားသုံးဆူဘုရား နှင့် အစောကြွမ်းဘုရားတို့သို့ သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

မတ်လ (၁၆) ရက် နံနက်ပိုင်း၌ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် အိန္ဒိယပညာရှင် ASI အဖွဲ့မှ ပြုပြင်ထိန်းသိမ်းမည့် သိကြားပုန်းဘုရားသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ အာနန္ဒာဘုရား ပြုပြင်ထိန်းသိမ်းမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ အရောင် ပြောင်းနေသည့် စဉ့်ချပ်ထဲမှ တစ်ခုကို Colour matching ပြန်လုပ်ရန် လမ်းညွှန်မှာကြားခဲ့ပြီး အာနန္ဒာအုတ်ကျောင်း ထိန်းသိမ်းထားရှိမှုများကိုလည်းကောင်း၊ အနော်ရထာမင်းနှင့် ကျန်စစ်သား မင်း နန်းတော်ရာ ထိန်းသိမ်းထားရှိမှုတို့ကိုလည်းကောင်း၊ ပုဂံရှေးဟောင်းသုတေသန ပြတိုက်ရှိ ကလေးပြတိုက်သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိပါ သည်။

Be the first to comment

Leave a Reply

Your email address will not be published.