သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး နေပြည်တော် မေလ ၈ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် (၀၉၃၀)နာရီက နေပြည်တော်၊ ရုံးအမှတ်(၃၅)ရှိ လောကနတ်ခန်းမတွင် မြန်မာနိုင်ငံသဘင်အစည်း အရုံး(ဗဟို)မှ ဥက္ကဋ္ဌ ဦးဖိုးချစ် အပါအဝင် အမှုဆောင်အဖွဲ့ဝင်များဖြင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၏ လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြား ရာ၌ မြန်မာနိုင်ငံသဘင်အစည်းအရုံးကြီးသည် ၁၉၄၅ ခုနှစ်မှစတင်၍ တည်ရှိခဲ့သော အဖွဲ့အစည်း ကြီး တစ်ရပ်ဖြစ်ပြီး ယနေ့ထက်တိုင်အောင် မြန်မာနိုင်ငံတွင်ရှိသည့် ဇာတ်၊ အငြိမ့်၊ ဆိုင်း၊ ဆပ်ကပ်၊ မျက်လှည့် စသည့် အနုပညာအဖွဲ့အစည်းများ၏ အကျိုးကိုသယ်ပိုးလျက်ရှိသည့် တစ်ခုတည်းသော အစည်းအရုံးကြီးဖြစ်ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံးတို့ကို မိတ်ဖက်အဖွဲ့အစည်းများ အဖြစ်သတ်မှတ်၍ သက်ဆိုင်ရာအစည်းအရုံးတို့၏ လိုအပ်ချက်များကို အစဉ်တစိုက် ကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း၌ပင် မိမိတို့၏ ဝမ်းရေးအတွက် ပွဲကပြ နိုင်ရန်ကြိုးစားခဲ့သော မြန်မာနိုင်ငံသဘင်အစည်းအရုံးအဖွဲ့ဝင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ သဘင်မိသားစုများ၏ ယာဉ်မတော်တဆဖြစ်မှုအတွက် ဤဝန်ကြီးဌာနအနေဖြင့် ငွေကြေးထောက်ပံ့ မှုအပြင် အခြားလိုအပ်သော ကူညီစောင့်ရှောက်မှုများကို တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံပန်းချီ၊ ပန်းပု အစည်း အရုံးအဖွဲ့ဝင်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စာနာထောက်ထားသော ပံ့ပိုးကူညီ မှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ကူညီဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ထိုနည်းတူစွာ ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးဝင်များ၏ ဘဝရပ်တည်မှုအတွက် လိုအပ်နိုင်သော ငွေကြေးထောက်ပံ့မှုများကို နိုင်ငံတော်၏ ချေးငွေအဖြစ် မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ လုပ်ငန်း ၈၈၂ ခုအတွက် စုစုပေါင်း ၄.၄၁၆၅ ဘီလီယံကို ကိုဗစ် ချေးငွေရန်ပုံငွေမှ ချေးငွေထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ချေးငွေပြန်ဆပ်ရမည့် သက်တမ်း ကာလကိုလည်း သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်ရန်အတွက် ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီသို့ ညှိနှိုင်းတင်ပြထားပြီးဖြစ် ပါကြောင်း၊ ဤဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးအဖွဲ့ဝင်များသို့ ကူညီပံ့ပိုး ဆောင်ရွက်ခဲ့သည်များကို သဘင်ပညာရှင်များအားလုံး အသိပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သည် အခါအားလျော်စွာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးပြုခဲ့သည့် အနုပညာရှင်များကိုလည်း ဘွဲ့ထူး၊ ဂုဏ်ထူးများ ထိုက်တန်စွာ ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ချီးမြှင့်အပ်နှင်းနိုင်ရန် အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် မိမိနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးတို့မှ အနုပညာရှင်များ၏ စွမ်းဆောင်ကြိုးပမ်းမှုများကို အစဉ်အမြဲ အကဲဖြတ်စောင့်ကြည့်၍ လိုအပ်သည့် ထောက်ခံတင်ပြမှု များကို တရားမျှတစွာ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့တွေ့ဆုံပွဲအခမ်းအနားသည် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ အပါအဝင် ဗဟိုကော်မတီ တာဝန်ရှိသူများအနေဖြင့် သဘင်အစည်းအရုံးမှ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်၍ရသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားပေးပါရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အနေဖြင့် သဘင်အနုပညာရှင်များ၏ အကျိုးကို ရှေးရှု၍ ဆောင်ရွက်လျက်ရှိသော  လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံးနေဖြင့် သဘင်အနုပညာရပ်ဆိုင်ရာများနှင့် ပတ်သက်၍ သုတေသန နှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေစေလိုပါကြောင်း၊ သုတေသန ပြုရာမှာ နည်းပညာပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာများကို ခေတ်နှင့်အညီ သုတေသနပြုရန် ဖြစ်ပြီး အဆို၊ အတီး၊ အက ပညာရပ်ဆိုင်ရာများကိုလည်း အရိုးကို အရွက်မဖုံးစေဘဲ ဆန်းသစ် တီထွင်နိုင်ရန်ဖြစ်ကြောင်း ထည့်သွင်းပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.