ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားတွင် သံဃာတော်များ ပင့်ဆောင်ရေး ကြိုဆိုနေရာချထားရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အနုပညာဦးစီးဌာနမှ တင်ဆက်မည့် “လောဘအမှောင်” ဇာတ်ကြီး ဝတ်စုံပြည့်လေ့ကျင့်ဖျော်ဖြေတင်ဆက်ခဲ့မှုနှင့် ပတ်သက်သည့် သုံးသပ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည့်သတင်း နေပြည်တော် ဇူလိုင် ၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ကိုးကွယ်လျက်ရှိသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားသို့  သံဃာတော်များ ပင့်ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၀၉ ၃၀ အချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးကို နမောတဿ သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ဖွင့်လှစ်ခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ် လျက်ရှိသော မာရဝိဇယ ဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနား၊ ကျောက်စာရုံစေတီတော်များ ရွှေထီးတော်တင်လှူခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည်နေ့တွင် ကျင်းပသွားမည် ဖြစ်ပါ ကြောင်း၊ အခမ်းအနားသို့ ပင့်လျှောက်ထားသည့် ဆရာတော်ကြီးများသည် ဒုတိယဝါဆိုလဆန်း ၁၄ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိရမည်ဖြစ်ပြီး ဒုတိယဝါဆိုလပြည့်နေ့တွင် မာရဝိဇယဗုဒ္ဓ

ရုပ်ပွား တော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနားနှင့် ကျောက်စာရုံစေတီတော်များ ရွှေထီးတော်တင်လှူခြင်းအခမ်းအနားသို့ တက်ရောက်၍ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ဝါဆိုဝါကပ်အမီ သီတင်းသုံးရာကျောင်းတိုက်များသို့ လေယာဉ်/မော်တော်ယာဉ်များဖြင့် အချိန်မီ ပြန်လည်ပင့်ဆောင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းမှ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော်ကြီးများ၊ သာသနာပိုင်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ဆရာတော်ကြီးများ၊ ပဋ္ဌာန်းပန်းချီကား တာဝန်ယူ ဆောင်ရွက်တော်မူကြသော ဆရာတော်ကြီးများ၊ ပိဋကတ်သုံးပုံ ပါဠိ-ရိုမန် စိစစ်တည်းဖြတ်တော်မူ ကြသော ဆရာတော်ကြီးများ၊ မာရဝိဇယ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပြည်တွင်း/ ပြည်ပမှ ကျောက်စာရုံ စေတီအလှူရှင် ဆရာတော်ကြီးများ စသော သံဃာတော် အပါး ၉၀၀ ကျော်အား ပင့်လျှောက်ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ရွှေကျောင်းတော်၌ သီတင်းသုံး တော်မူမည့် သံဃာတော် ၅ ပါး အား လျာထားသတ်မှတ်ပြီးဖြစ်သော်လည်း ကျန်းမာရေးအရ ပြောင်းလဲမှုများရှိသဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသော သံဃာတော်များ ပြန်လည်ရွေးချယ်ခဲ့ရကြောင်း၊ သံဃာပရိတ်သတ်၊ လူပရိတ်သတ် ထောင်နှင့်ချီ ကြွရောက်/ တက် ရောက်မည့် ကြီးကျယ်ခမ်းနားသော နိုင်ငံတော်အဆင့်အခမ်းအနားကြီးဖြစ်သောကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် အဖွဲ့များ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ခွဲဝေဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်တွင်းမှ ကြွရောက် တော်မူလာကြမည့် သံဃာတော်များ အဆင်ပြေချောမွေ့စွာသီတင်းသုံးနေထိုင်နိုင်ရေးအတွက် ယာယီ သီတင်းသုံးနေထိုင်မည့် သံဃာရာမကျောင်းဆောင်နှင့် စည်ပင်ဧည့်ရိပ်သာရှိ အိပ်ခန်း ဆောင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ၊ အနောက်တိုင်းဆေးနှင့် တိုင်းရင်း ဆေးဝါးများထားရှိနိုင်ရေး၊ ဝေယျာဝစ္စကုသိုလ်ယူ ဆောင်ရွက်ကြမည့် ကပ္ပိယကာရကများ ရွေးချယ် တာဝန် ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်လိုကြောင်း စသည်ဖြင့် ပြောကြားပါသည်။

ဆက်လက်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားတွင် သံဃာတော်များ ပင့်ဆောင်ရေးနှင့် ကြိုဆိုနေရာချထားနိုင်ရေးအတွက် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့က အခမ်းအနားသို့ ကြွရောက်တော်မူလာကြမည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ  ဆရာတော် ကြီးများအား လေကြောင်းခရီး၊ မော်တော်ယာဉ်တို့ဖြင့် ကြိုဆိုပင့်ဆောင်မည့် အစီအစဉ်များနှင့် သံဃာတော်များ ယာယီသီတင်းသုံးတော်မူမည့် သံဃာရာမကျောင်းဆောင်နှင့် စည်ပင်ဧည့်ရိပ်သာ တို့တွင် ကြိုဆိုနေရာချထားနိုင်ရေး ဆောင်ရွက်မည့်အစီအမံများကို အသီးသီးရှင်းလင်းတင်ပြ

ဆွေးနွေးကြရာ အစည်းအဝေးသို့ တက်ရောက်လာကြသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြပါသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားသည် တစ်သက်မှ တစ်ခါ ကြုံတောင့် ကြုံခဲကြုံတွေ့ရသည့် အခမ်းအနားကြီးဖြစ်သောကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အမှားအယွင်းမရှိ အဆင်ပြေ‌ အောင်မြင် ချောမွေ့စေရေး အရာထမ်း/ အမှုထမ်းများအနေဖြင့် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား၍ “ဗုဒ္ဓ သာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

          ဆက်လက်၍  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် အနုပညာ ဦးစီးဌာန ထုတ်လုပ် ဌာနခွဲမှ အနုပညာရှင်များက “လောဘအမှောင်”ဇာတ်ကြီး ဝတ်စုံပြည့်လေ့ကျင့် ဖျော်ဖြေတင်ဆက်၍ အစစ်ဆေးခံခဲ့မှုနှင့် ပတ်သက်သည့် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ၁၃:၀၀ နာရီ အချိန်တွင် ရုံးအမှတ်(၃၅)ရှိ လောကနတ်ခန်းမ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

              အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူပြီးချိန်မှစ၍ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ကဇာတ်များ၊ အငြိမ့်များ၊ ဆို ငို ပြော ဇာတ်ကြီးများကို တီထွင်တင်ဆက် ကပြခဲ့ရာတွင် ယခု ဇာတ်တိုက်လေ့ကျင့်လျက်ရှိသော “လောဘအမှောင်” ဇာတ်ကြီးသည် တတိယ မြောက်ဖြစ်ပါကြောင်း၊

              အငြိမ့်များ၊ ဆို ငို ပြောဇာတ်ကြီးများကို လေ့ကျင့်မှုပြီးဆုံး၍ ဝတ်စုံပြည့် အခမ်းအနား အပြည့်ဖြင့် အစစ်ဆေးခံ တင်ဆက်ကပြသည့် အကြိမ်တိုင်းတွင် ဌာန၏ ပြည်ထောင်စုဝန်ကြီးအပြင်၊ ဇာတ်သဘင် အနုပညာကို မြတ်နိုးသည့် အခြားပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို ဖိတ်ကြား၍ အပြုသဘောဆောင်သည့် ဝေဖန်မှုအကြံဉာဏ်များကို ရယူခဲ့ပါကြောင်း၊

              ယခင့်ယခင် ဇာတ်ထုတ်များ ကပြခဲ့စဉ်ကလည်း ရရှိခဲ့သော အကြံပြုချက်များကို ခံယူပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်၍ ရိုက်ကူးမှုများပြုလုပ်ကာ ရုပ်သံများမှ ထုတ်လွှင့်ခြင်း၊ တိုက်ရိုက်စင်တင်၍ တင်ဆက်ကပြခြင်းများ ပြုလုပ်ခဲ့ရာတွင် အောင်မြင်မှုများ များစွာရရှိခဲ့ပါ ကြောင်း၊

              ယခု “လောဘအမှောင်” ဇာတ်ကြီးကို ဝတ်စုံပြည့် လေ့ကျင့်ဖျော်ဖြေတင်ဆက်မှုအား အစစ်ဆေးခံရာတွင် ပြည်ထောင်စုဝန်ကြီး အနေဖြင့် ဇာတ်သဘင်၏ အသက်သွေးကြောဖြစ်သော အပြော Dialogue များကို ပိုမို လေးနက်မှုရှိစေရန် အဓိကထား၍ လမ်းညွှန်ခဲ့ပါကြောင်း၊ ထို့နည်း တူစွာ တက်ရောက်ကြည့်ရှုလာသူ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ အကြံပြုဆွေးနွေး ချက်တို့ကိုလည်း ရယူနိုင်ခဲ့ပါကြောင်း၊

              မည်သည့်ကိစ္စမဆို မိမိတို့က အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ထားသော်လည်း မိမိတို့ မြင်သည့် အမြင်နှင့် ဘေးမှခြုံငုံသုံးသပ်ရှုမြင်ပုံသည် ခြားနားနိုင်ပါကြောင်း၊ သို့သော် လက်ခံနိုင်ဖွယ် ရှိသော အပြုသဘောဆောင်သည့် ဝေဖန်မှုမျိုးကို လိုလားလက်ခံရမည်ဖြစ်ပါကြောင်း၊ အပြုသဘော ဆောင်သည့် ဝေဖန်မှုရှိမှ ပိုမိုတိုးတက်မည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာ ကြသူများမှ ဝေဖန်အကြံပြုချက်များအပေါ် မိမိတို့ တာဝန်ယူလုပ်ဆောင်ရသည့် အပိုင်းများမှ ပြန်လည် ဆွေးနွေးတင်ပြကြရန်ဖြစ်ပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

              ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “လောဘအမှောင်” ဇာတ်ကြီး နှင့် ပတ်သက်၍ အကြံပြုချက်များအပေါ်မူတည်ပြီး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်