သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက် ၈.၇.၂၀၂၃ နေပြည်တော်

၂၀၂၃ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ ရုံးအဆောက်အအုံ၏ အရှေ့ဘက်သရက်ခြံအနီး၌၈.၇.၂၀၂၃ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ‌ရှေးဘိုးဘွားဘီဘင်များ လက်ထက်ကတည်းကပင် တစ်နိုင်တစ်ပိုင်မှ တစ်အုပ်တစ်မအထိ သစ်ပင်၊ သစ်တောစိုက်ပျိုးခြင်းကို  လွန်စွာနှစ်သက် မြတ်နိုးခဲ့ကြပါကြောင်း၊ သစ်ပင်များစိုက်ပျိုးခြင်းကို အလှူဒါနတစ်ခုပြုခြင်းကဲ့သို့ အလေးအမြတ်တန်ဖိုးထား စိုက်ပျိုး ခဲ့ကြသောကြောင့် နိုင်ငံတစ်ဝန်းတွင် တစ်အုပ်တစ်မမှ သစ်တောကြီးများအဖြစ် ဖုံးလွှမ်းခဲ့ ပါကြောင်း။

             ကမ္ဘာပေါ်ရှိ နိုင်ငံများကလည်း ပြက္ခဒိန်နှစ်တစ်နှစ်တိုင်းတွင် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ ၂၁ ခုကို တညီတညွတ်တည်း အတည်ပြုလက်ခံ၍ ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့သစ်ပင်စိုက်ပျိုးနေ့သည် အမှတ်စဉ် ၁၄ ခုမြောက်နေ့အဖြစ်ပါဝင်ပြီး နှစ်စဉ် ဇူလိုင်လ ၇ ရက် နေ့ကို  သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

             ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကို၂၀၀၀ ပြည့်နှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏  ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၌ အစီရင်ခံစာတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိတော့သည့်အတွက် တဖြည်းဖြည်း သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့နည်းလာပြီး သစ်တောများ ပိုမိုပျက်စီးလာနေသည်ကို သိရှိနိုင်ပါကြောင်း။

             ယနေ့ မျက်မှောက်ခေတ် ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိန်းသိမ်း‌ရေး လုပ်ငန်းတွင် သစ်ပင်သစ်တောများသည် လွန်စွာမှ အရေးပါလျက်ရှိပါကြောင်း၊ လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် လေထဲတွင် လွင့်ပျံ့နေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို

သစ်ပင်သစ်တောများက အရွက်မှတစ်ဆင့် စုပ်ယူပြီး လူအပါအဝင် အပင်နှင့် သတ္တဝါများအတွက် မရှိမဖြစ်လိုအပ်သည့် အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှင့်ပေး၍ လေထုထဲရှိ ကာဗွန်ဒိုင် အောက်ဆိုဒ်ပမာဏကို လျော့ချပေးလျက်ရှိပါကြောင်း၊ သစ်တော‌ဂေဟစနစ်မှ အထောက်အပံ့ ပြုသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်ထိန်းသိမ်းမှုသည် ငွေကြေးစရိတ်စက ကုန်ကျမှုနည်းပါး စွာဖြင့် လွန်စွာမှ ထိ‌ရောက်တန်ဖိုးရှိလှပါကြောင်း။

             ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ ၌ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု အခြေခံမူချမှတ်ထားပြီး နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၉၀ ၌ နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် နိုင်ငံ‌တော်အားကူညီရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်း ထားသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားတိုင်းသည် တစ်ဦးချင်းအနေဖြင့် သာမက တစ်နိုင်ငံလုံးအနေဖြင့်ပါ သဘာဝပတ်ဝန်းကျင်  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်  အသိပေးမှာကြားလိုပါကြောင်း၊ သစ်တော သစ်ပင်များ နှစ်စဉ်စိုက်ပျိုးနိုင်ရေး ၊ စိုက်ပျိုးပြီး သစ်ပင်များရှင်သန်နိုင်ရေးတို့အတွက် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။

             ယခုအခါ နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏မြို့တော်ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင် ရွက်ရာ၌ နေပြည်တော်ကောင်စီနယ်မြေကို Green City၊ Clean City၊ Smart City အဖြစ်သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်လာစေရန် တိုးတက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း နေထိုင်လျက်ရှိသော နိုင်ငံ သားများဖြစ်ကြသည့် ဝန်ထမ်းမိသားစုများကလည်း ရည်မှန်းချက်အောင်မြင်အောင်  ပူးပေါင်း ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း။

             နိဂုံးချုပ်အနေဖြင့် ရှေးဘိုးဘွားဘီဘင်များ စိုက်ပျိုးခဲ့ကြသည့် သစ်ပင်သစ်တောများကို ယနေ့ထက်တိုင် အမှီသဟဲပြုနေကြရသလို ယနေ့ မိမိတို့ဝန်ကြီးဌာနက ဝန်ထမ်းများစိုက်ပျိုး ကြမည့် သစ်ပင်၊ သစ်တောများကိုလည်း နောင်တစ်ချိန်တွင် နောင်လာနောင်သားများက အမှီ သဟဲပြုနိုင်ကြစေလိုသည့် သဒ္ဓါစိတ်ဖြင့် စိုက်ပျိုးကြမည်ဆိုပါက  ဝန်ထမ်းမိသားစုများ အားလုံး အတွက် မျက်မှောက်၊ သံသရာနှစ်ဖြာသောအကျိုး ရရှိကြမှာဖြစ်ပါကြောင်း၊ ရှေးယခင်ကတည်းက ချစ်ခင်မြတ်နိုးစွာစိုက်ပျိုးခဲ့ကြသည့် သစ်ပင် သစ်တောများ၊ လယ်ယာများသည် နိုင်ငံသူနိုင်ငံသားများ  

အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရုံမျှသာမက ယနေ့ထက်တိုင် နိုင်ငံ၏အကျိုး စီးပွားကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုသယ်ပိုးလျက်ရှိပါကြောင်း၊ ထိုနည်းတူစွာ ယနေ့ စုပေါင်းစိုက်ပျိုးကြမည့် ရတနာတန်းဝင် ကျွန်းပင် ၃၀၀ ပင်သည်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်သာမက၊ သားစဉ်‌မြေးမြစ် ကျေးဇူးဖြစ်အောင် ရှင်သန်ကျန်ရစ်စေမည့် ယုံကြည်စိတ်ဖြင့် ဒါနပျိုးပင် အကျိုးထင်အောင် မျိုးစေ့ချစိုက်ပျိုးခြင်းဟု ခံယူပြီး နှလုံးစိတ်ဝမ်း အေးချမ်းစွာ တက်ညီလက်ညီ စိုက်ပျိုးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

             ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်းများက သတ်မှတ်နေရာ အသီးသီးတွင် ကျွန်းပင်များကို တပျော်တပါး စိုက်ပျိုးခဲ့ကြပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲ များက အရာထမ်းအမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။

             အဆိုပါအခမ်းအနားတွင် ကျွန်းပင် ၃၀၀ ပင်စိုက်ပျိုးခဲ့ပြီး ယခင်နှစ်များက စိုက်ပျိုး ခဲ့သည့် ရတနာတန်းဝင် ကျွန်းပင်၂၁၀၀ ပင်၊ အရိပ်ရလေကာပင်များနှင့် စိန်တစ်လုံး သရက်ပင် ၂၄၅၀ ပင်တို့သည်လည်း ရှင်သန်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ သတင်းစဉ်

Be the first to comment

Leave a Reply

Your email address will not be published.