သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှု  စစ်ဆေး ၁၃-၈-၂၀၂၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်  (၀၉:၃၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အတွင်း လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ရှင်းလင်းဆောင်၌ အမျိုးသား စာကြည့်တိုက် (နေပြည်တော်)၏ သမိုင်းကြောင်းနှင့်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သမိုင်းသုတေသန နှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က Power Point ဖြင့် ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆောင်၌ မြန်မာအမျိုးသားစာပေစု အမွေအနှစ် ဗဟိုဌာနဖြစ်စေရန်ရည်ရွယ်၍ ၂၀၁၀ ပြည့်နှစ်၊ ဇွန် ၃ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မေ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ပြည်တွင်းကပုံနှိပ်ထုတ်ဝေသော မြန်မာနိုင်ငံဆိုင်ရာ စာစုများကို စုဆောင်းထိန်းသိမ်း ဆောင်ရွက် ခြင်း၊ စာအုပ်စာတမ်းနှင့် စာအုပ်မဟုတ်သော အခြားစာပေပစ္စည်းများကို ပြည့်စုံစွာရရှိနိုင်ရေး စုဆောင်းထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက် နေ့တွင် ပြဌာန်းခဲ့ပြီးသော အမျိုးသားစာကြည့်တိုက်ဥပဒေနှင့်အညီ စာစုများရရှိနိုင်ရေးအတွက် ပုံနှိပ် ထုတ်ဝေသူလုပ်ငန်းရှင်များ သိရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးနှင့် ပူးပေါင်းဆောင်ရွက်ကာ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်၊ အမျိုးသားစာစုစာရင်း (National Bibliography)ကို ပြုစုထုတ်ဝေခြင်း၊ စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ငှားရမ်းရေး (Interlibrary Loan)ကို နိုင်ငံတကာနှင့် ဆက်သွယ်၍ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရှေ့တောင်အာရှဒေသနိုင်ငံများကို ပထမဦးစားပေး ချိတ်ဆက်ဆောင်ရွက်သွားရန်၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အနေဖြင့်   ပြည်သူလူထု အား စာကြည့်တိုက်ဝန်ဆောင်မှုနှင့် သုတပညာဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ရာ၌ Online မှ ဝန်ဆောင်မှုများပေးနေသည့်အပြင် စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်ရှုသူဦးရေ ယခုထက်ပိုမိုများပြားစေရေးအတွက် ရဟန်းရှင်လူပြည်သူများ၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ဝန်ကြီးဌာန/အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများ၊ သုတေသီများ၊ လူမှုရေးအသင်းအဖွဲ့များ၊  အစိုးရ စာသင်ကျောင်းများနှင့် ပုဂ္ဂလိကစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို စာကြည့် တိုက်သို့ဖိတ်ခေါ်၍ စာဖတ်ရှုသူများပြားလာစေရန် ပညာပေးလှုပ်ရှားမှုများ၊ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် စာဖတ်ရှုသူများကို စာကြည့်တိုက်ရှိ တာဝန်ရှိသူများက အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ အလင်္ကာ ကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူ စာစုခန်း၊ ကလေးစာဖတ်ခန်း၊ အီလက်ထရွန်နစ် စာဖတ်ခန်း၊ Bibliographic Services ဌာနစိတ်၊ ပေ၊ ပုရပိုက် ဌာနစိတ်၊ Data Center တည်ဆောက်ထားမှု နှင့် e-Library စနစ်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.