သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်အမျိုးသားပြတိုက်(နေပြည်တော်)၏ ပြတိုက်ပညာပေးအစီအစဉ်နှင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ ကလေးစာကြည့်တိုက်လှုပ်ရှားမှု အစီအစဉ်များ ကြည့်ရှုအားပေးနေပြည်တော် ဩဂုတ်   ၁၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အမျိုးသားပြတိုက်(နေပြည်တော်)တွင်  ၁၉-၈-၂၀၂၃ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်သည့် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း၊ နေပြည်တော်မှ ကျောင်းသား၊ ကျောင်းသူများအား ပြတိုက်အသိပညာ ပေးရေးအစီအစဉ်ကို တက်ရောက်၍ အားပေးကြည့်ရှုခဲ့သည်။ အဆိုပါအစီအစဉ်တွင် ရှေးဦးစွာ အမျိုးသားပြတိုက်(နေပြည်တော်)၏ Mini Theatre ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဩဝါဒစကား ပြောကြားရာတွင် မင်္ဂလာ၏အဓိပ္ပာယ်ကို ဦးစွာ ရှင်းလင်း ပြောကြားခဲ့ပြီး ဆက်လက်၍ အမျိုးသားပြတိုက်(နေပြည်တော်)တွင် ပြသထားသည့် ပြခန်းများနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ၌ မြန်မာ့မြေပေါ်တွင် လွန်ခဲ့သည့် နှစ်သန်း ၄၀ မှစ၍ လူသားမျိုးနွယ်များ အခြေချနေထိုင်ခဲ့ကြသဖြင့် လူသားမျိုးနွယ်အစ မြန်မာကဟု ဝံ့ကြွားဂုဏ်ယူကြရမည်ဖြစ်ကြောင်း၊ မြန်မာဟူရာတွင်တိုင်းရင်းသား လူမျိုးစုအားလုံးပါဝင်ကြောင်း၊ ပရိုင်းမိတ်များမှတစ်ဆင့် လူသားအဆင့်ဆင့် တိုးတက်ဖြစ်ပေါ် ပြောင်းလဲလာခဲ့ပြီး သမိုင်းမတင်မီ ခေတ်ဖြစ်သည့် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဟူ၍ ယဉ်ကျေးမှုများ တိုးတက်ပြောင်းလဲ လာခဲ့ကြောင်း၊ ယင်းနောက် မြို့ပြနိုင်ငံများ ထွန်းကားလာခဲ့ပြီး ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ဟူ၍ ခေတ်အဆက်ဆက် စဉ်ဆက်မပြတ်ထွန်းကားခဲ့ပြီး ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်ခဲ့ကြောင်း၊ အနော်ရထာ၊ ဘုရင့်နောင် နှင့် အလောင်းဘုရားတို့သည် မြန်မာနိုင်ငံတော်ကြီးကို တစ်စုတစ်စည်းတည်းဖြစ်စေရန် တည်ထောင် ကြိုးပမ်းခဲ့သည့် မင်းကောင်းမင်းမြတ်များဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည့်အပြင် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေရာတွင် မြန်မာနိုင်ငံမှ ပညာရှင်များက ရှာဖွေသုတေသနပြုခဲ့ သဖြင့် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ ကျောက်ခေတ်တွင် ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်းဟူ၍ ထွန်းကားခဲ့ကြောင်း၊ ကျောက်ခေတ်တွင် ရှမ်းပြည်နယ်၊ ပြဒါးလင်းဂူ၌ နံရံပန်းချီများ ရေးဆွဲခဲ့ကြသဖြင့် မြန်မာနိုင်ငံ၏ပန်းချီပညာ စတင်ထွန်းကားလာသည်ကို လေ့လာနိုင် ကြောင်း၊ ပျူခေတ်သည် လွန်ခဲ့သည့်နှစ် ၂၀၀၀ ခန့်က ဖြစ်သည့်အတွက် ဘုရားပွင့်တော်မူပြီး နှစ် ၅၀၀ ကျော်ကြာမြင့်သည့်အချိန်ဖြစ်၍ ပျူမြို့ဟောင်းများတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့် ဟိန္ဒူဗြဟ္မဏ အယူဝါဒများ အပြိုင်ထွန်းကားခဲ့ကြကြောင်း၊ ပျူကချေသည်အရုပ်များ တူးဖော်တွေ့ရှိရသဖြင့် ထိုခေတ်၏ယဉ်ကျေးမှုအဆင့်အတန်းကို ခန့်မှန်းနိုင်ကြောင်း၊ စာပေအထောက်အထားများ တွေ့ရှိ ရသဖြင့်လည်း ပျူခေတ်စာပေအဆင့်အတန်းကို သိရှိနိုင်ကြောင်း၊ ပုဂံခေတ်သူရဲကောင်းများ၏ ရဲစွမ်းသတ္တိကြောင့် ပုဂံပြည်ကြီးတည်တံ့ခိုင်မြဲစေရန် စွမ်းဆောင်နိုင်ခဲ့သဖြင့် တိုင်းပြည်ကို ကာကွယ်ပေးသည့် သူရဲကောင်းများမှာ လွန်စွာအရေးပါကြောင်း၊ ပုဂံခေတ်တွင် ရှင်အရဟံ၏ ကျေးဇူးကြောင့် ထေရဝါဒဗုဒ္ဓဘာသာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ပုဂံတွင် စေတီပုထိုးများ တည်ထားကိုးကွယ်သည်မှာ “လှည်းဝင်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်း” ဟူသည့်ဆိုရိုးအတိုင်း ဘုရားပုထိုးများ လက်ညှိုးထိုးမလွဲအောင် ပုဂံဒေသတွင်တည်ရှိခဲ့ကြောင်း၊ မိမိတို့၏ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအစဉ်အလာများကို မပျောက်ပျက်အောင် ထိန်းသိမ်းမှသာ တိုင်းတစ်ပါးသရုပ်ပျက် ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်မှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မီမီခိုင်က ဌာနမှထုတ်ဝေသည့် စာအုပ်များကို အ.ထ.က(၁၁)နေပြည်တော်မှ တာဝန်ခံဆရာမ တစ်ဦးထံသို့ ကျောင်းစာကြည့်တိုက်အတွက် အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကျောင်းသား၊ ကျောင်းသူများအား ပရိုင်းမိတ်နှင့်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ် ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်းများအတွင်း ရှင်းလင်းပြသမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ရာ လိုအပ်သည့်ရှင်းလင်းပြောကြားချက်များကို ဖြည့်စွက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ မြန်မာ့လက်မှုအနုပညာပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ်ပညာပေးပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်းနှင့် လက်ဆောင်ပစ္စည်းများ ပြခန်းတို့ကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိပြတိုက်ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသပြီးနောက် ဉာဏ်စမ်းပဟေဠိမေးခွန်းများဖြေဆို၍ ဆုရကျောင်းသား၊ ကျောင်းသူများကို လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့သည်။

          ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)သို့ သွားရောက်၍ ကလေးစာကြည့်တိုက် လှုပ်ရှားမှုအစီအစဉ်တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) အဝင်ခန်းမဆောင်၌ အဖွင့်အမှာစကား ပြောကြားပြီး ကလေးများကို စာကြည့်တိုက် အတွင်း လှည့်လည်ရှင်းလင်းပြသခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်ဆိုသည်မှာ စာအုပ်များသာ စုစည်းထားခြင်းမဟုတ်ဘဲ နိုင်ငံ၏ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသည့်နေရာဌာနဖြစ်ကြောင်း၊ စာတတ်မြောက်ပြီး အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းထူထောင်ရာတွင် စာကြည့်တိုက်များသည် အရေးကြီး သည့်ကဏ္ဍကပါ၀င်နေကြောင်း၊ မြန်မာလူမျိုးတို့သည် ကိုယ်ပိုင်အတွေးအမြင် အယူအဆများ၊ ကိုယ်ပိုင်အက္ခရာများ၊ စာပေအရေးအသား၊ ကိုယ်ပိုင်ဓလေ့စရိုက်၊ ယဉ်ကျေးမှုနှင့် ဂုဏ်ယူဝံ့ကြွား စရာကောင်းသူများဖြစ်ကြောင်း၊ ပြတိုက်၊ စာကြည့်တိုက်များသည် ယဉ်ကျေးမှုနှင့်ဆက်စပ်နေ ကြောင်း၊ အလွန်မွန်မြတ်လှသော မြတ်စွာဘုရား၏ အတွေးအမြင်အသိများကို လေ့လာနိုင်သည့် ဗုဒ္ဓစာပေ၊ ဗုဒ္ဓတရားတော်နှင့် ဗုဒ္ဓအသိပညာများကို စာကြည့်တိုက်ရှိ ပေ၊ပုရပိုက်များ၊ စာအုပ်စာတမ်း များတွင် လေ့လာနိုင်ကြောင်း၊ ဗုဒ္ဓစာပေသာမက ခေတ်မီပညာရပ်များဖြစ်သည့် အင်္ဂလိပ်စာပေ၊ သိပ္ပံပညာရပ်၊ ဝိဇ္ဇာပညာရပ်နှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာများကိုလည်း လေ့လာနိုင်ကြောင်း၊ စာကြည့်တိုက်ဟူသည် ပညာရွှေအိုးဖြစ်ကြောင်း၊ ပညာရွှေအိုးကို ယူတတ်သူမှရကြောင်း၊ စာကြည့်တိုက်တွင်ရှိသည့် ရွှေအိုးထဲမှရတနာများကို စာကြည့်တိုက်သို့ လာရောက်လေ့လာကြ စေလိုကြောင်း၊ ဘဝတွင်အောင်မြင်မှုရရှိလိုပါက ရည်မှန်းချက်ထား၊  စီမံချက်ရေးဆွဲပြီး၊ တကယ် လိုက်လုပ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မြတ်စွာဘုရားရှင်က ပြင်းပြ သည့်ဆန္ဒ၊ ထက်မြက်သည့်ပညာ၊ လွန်ကဲသော လုံ့လဝီရိယရှိသူသည်   မည်သည့်ကိစ္စတွင်မဆို အောင်မြင်နိုင်ကြောင်း ဟောကြားတော်မူခဲ့ကြောင်း၊ ဘုရားရှင်၏ အဆို၊ အမိန့်၊ အသိ၊ ပညာများသည် စာကြည့်တိုက်တွင်ရှိကြောင်း၊ စာကြည့်တိုက်တွင်ရှိသည့် ရတနာများကို ကျောင်းသား၊ကျောင်းသူ များကို ဖိတ်ခေါ်၍ မျှဝေခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း မိဘ၊ မောင်နှမ၊ သူငယ်ချင်းများအား မျှဝေပေးစေလိုကြောင်း၊ စာကြည့်တိုက်၊ပြတိုက်မှ အသိပညာများဆည်းပူးပြီး တိုးတက်အောင် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဒေါ်ဌေးဌေးဆွေက ဌာနမှထုတ်ဝေသည့် စာအုပ်များကို အ.ထ.က (၁၁) နေပြည်တော်မှ တာဝန်ခံဆရာမ တစ်ဦးထံသို့ ကျောင်းစာကြည့်တိုက်အတွက် အမှတ်တရလက်ဆောင် ပေးအပ် ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများအား ကလေး စာကြည့်တိုက်၊ Digital Signage Touch screen၊ အီလက်ထရောနစ်စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ စာအုပ်စင်ခန်း၊ ပေ၊ပုရပိုက်ထားရှိရာနေရာများကို လိုက်လံရှင်းလင်း ပြသခဲ့သည်။

 အဆိုပါအစီစဉ်သို့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၀၀)ဦး လာရောက်လေ့လာခဲ့ကြပြီး ဆက်လက်၍ ကလေးစာကြည့်တိုက် လှုပ်ရှားမှုအစီအစဉ်များဖြစ်သည့် စာဖတ်ပြခြင်း၊ e-book များ ဖတ်ကြားခြင်း၊ ကွန်ပျူတာမှတစ်ဆင့် စာရှာခြင်း၊ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းစသည့် အစီအစဉ်များကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါ်နုမြဇံက အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ လာရောက် လေ့လာခဲ့ကြသည့် ဉာဏ်စမ်းပဟေဠိမေးခွန်းများဖြေဆိုခဲ့ကြသော ဆုရ ကျောင်းသား၊ ကျောင်းသူ များကို လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.