(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်အမှာစကားပြောကြားသတင်းနေပြည်တော်စက်တင်ဘာလ ၁၂

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုံးအမှတ် (၃၅)၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပရာ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဝင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဝန်ကြီးဌာနများမှ ကော်မတီ ဝင်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဝန်ကြီးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

         အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၁၁-၈-၂၀၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နာယကကြီး ပါဝင်သော ပထမအကြိမ် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလေး အနက်ထားမှာကြားခဲ့တဲ့ “မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက်ပြန်လည်ကျင်းပရန်နှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်မှုအပြင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်ပြီး အဂတိတရားကင်းရှင်းသည့် အကဲဖြတ်ပညာရှင်များနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ မျိုးဆက်သစ်ရွက်ပုန်းသီးအနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်နိုင် ရေးအတွက် ဆောင်ရွက်သွားကြရန်” ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထည့်သွင်းပြောကြား သွားခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ နာယကကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ(၃၃)မှာပါတဲ့ နိုင်ငံတော်သည် လူငယ်များမျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရမည့်အချက်များ၊ ပုဒ်မ၃၉၀ (က)မှာပါတဲ့ အမျိုးသားယဉ်ကျေးမှုအမွေ အနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရေးအချက်များကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါ ကြောင်း၊

         ဒါ့အပြင် နာယကကြီးရဲ့ နိဂုံးချုပ်အမှာစကားမှာလည်း မြို့နယ်၊ ခရိုင်မှ ဗဟိုအဆင့်အထိ အကဲဖြတ်အမှတ်ပေးရာမှာ ကျောသား၊ ရင်သား မခွဲခြားဘဲအနုပညာရသအပေါ်မှာ မူတည်ပြီး အကဲဖြတ် အမှတ်ပေးကြရန် ပြိုင်ပွဲအကြိုကာလနဲ့ ပြိုင်ပွဲကာလ အတွင်းမှာ မီဒီယာကဏ္ဍကနေ ပြိုင်ပွဲကြီးရဲ့အခမ်းအနားများ၊ ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုများကို  ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့် ဆောင်ရွက်သွားရန်လည်း အလေးထားပြောကြားခဲ့ပါကြောင်း၊

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ငွေအား၊ လူအား၊ အချိန်အားများနဲ့ လုံ့လစိုက်ထုတ်ပြီး စဉ်ဆက်မပြတ် ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဟာနိုင်ငံတော်နဲ့ နိုင်ငံတော်သူ နိုင်ငံသားများရဲ့ရေရှည် အကျိုးကိုရှေးရှုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရေး ကောင်းမြတ်သော အမွေအနှစ်များ၊ လက်ဆင့်ကမ်းနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊

         ဒါကြောင့် ပထမအကြိမ် ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးရဲ့ ခိုင်မာလေးနက်တဲ့ ဦးတည်ချက်(၄)ရပ်ကို ချမှတ်ခဲ့ခြင်းဖြစ် ပါကြောင်း၊ ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်ကျင်းပရာမှ အနုပညာရပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ ပြိုင်ပွဲတာဝန်ခံ ကြီးကြပ်သူများအပိုင်း၊ အနုပညာရှင်များအပိုင်း၊ ပြိုင်ပွဲဝင်အနုပညာနည်းပြများအပိုင်း၊ အကဲဖြတ်ပညာရှင်များ အပိုင်း နဲ့ ပြိုင်ပွဲဝင်များ၏ အနုပညာအရည်အသွေး မြင့်မားစေရေးစသည့် အပိုင်းများက အရေးကြီး သလို ပြိုင်ပွဲကြီး အဆင်ပြေချောမွေ့စွာ စတင်နိုင်ရေး၊ ပြီးဆုံးနိုင်ရေးတို့အတွက် ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီရဲ့ အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများကလည်း ဟန်ချက်ညီစွာ အရေးကြီးပါကြောင်း၊

          ဆပ်ကော်မတီအသီးသီးရဲ့ လုပ်ငန်းတာဝန်များကို ကြိုတင် သတ်မှတ်ပြီးဖြစ်သလို၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီရဲ့ ပထမအကြိမ် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး မှာလည်း (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအတွက် ဦးတည်ဆောင် ရွက်ရမယ့် ကိစ္စရပ်များကို  ဆုံးဖြတ်သတ်မှတ်ခဲ့ပြီးလည်းဖြစ်ပါကြောင်း၊

           လုပ်ငန်းကော်မတီအနေဖြင့် ဆပ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို အနီးကပ်ကြပ်မတ်ကွပ်ကဲပြီး ဆပ်ကော်မတီများအားလုံး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်များ အားလုံးက ပူးပေါင်းဆောင်ရွက်ကြရမယ့် ဖွင့်ပွဲအခမ်းအနားနှင့် သတ်မှတ်နေရာများမှာ ပြိုင်ပွဲ များကျင်းပခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနဲ့ ဂုဏ်ပြု ညစာ စားပွဲအခမ်းအနားကျင်းပခြင်းတို့ကို ခမ်းနားသိုက်မြိုက်စွာဖြင့် အောင်မြင်အောင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊

လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ တာဝန်ခံများအနေနဲ့ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပ နိုင်ရေးကို ဦးတည်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားနိုင်ကြရန်အတွက် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ရန်ကျန်ရှိနေသည်များ သတ်မှတ်အချိန်ဇယားထက် နှောင့်နှေးကြံ့ကြာမှုများရှိပါကလည်း အခက်အခဲများကို တင်ပြ ဆွေးနွေးသွားနိုင်ကြပါရန် ထည့်သွင်းပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များက Video Conferencing ဖြင့်  ရှင်းလင်း တင်ပြခြင်း၊ တက်ရောက်လာသော ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများက ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ ၁၃:၃၀ နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.