ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၃ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊အတီး (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) သရဖီ ဆောင် အနုပညာခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ပါမောက္ခချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်အနုပညာရှင် ကျောင်းသား၊ကျောင်းသူများနှင့် မိသားစုဝင်များ၊ အနုပညာ ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ၂၀၂၃ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီး(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ အဖွဲ့ဝင် နယ်စပ်ရေးရာနှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)နှင့် (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ရန်ကုန်တိုင်းဒေသကြီး အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်း၊ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲ အကဲဖြတ် ပညာရှင် ဝဏ္ဏကျော်ထင်ဒေါ်နုနုစိန်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဂုဏ်ပြုသည့် “ ရွှေရောင်လွှမ်းခြုံ တိုင်းရန်ကုန်” တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေခြင်း၊ “ပွဲဦးကဟန် ရွှေပန်းပန်” အကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ “ရုပ်သေးကြိုးဆွဲ ဇော်အက” ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြပြီး ဖျော်ဖြေတင်ဆက်သူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)ရှိ သရဖီဆောင်အနုပညာခန်းမ၌ အကယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ သဇင်ဆောင်၌ အဆို၊ အရေး ၊ အတီး ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေး ကြသည်။
ရန်ကုန်တိုင်းဒေသကြီး(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲကို ယနေ့မှ စက်တင်ဘာလ (၂၉) ရက်နေ့အထိ ပြိုင်ပွဲဝင်ဘာသာရပ် (၁၈)မျိုးတွင် ပြိုင်ပွဲဝင် စုစုပေါင်း (၂၀၄)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။