သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာန၏ ဆရာဒကာဘုန်းတော်ကြီး ကျောင်းများသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှုဒါန်း နေပြည်တော်  ၁၂ အောက်တိုဘာ ၂၀၂၃

                                                                            

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်ထောင်စုဝန်ကြီး ဌာနများ၏ ဆရာဒကာဘုန်းတော်ကြီးကျောင်းပေါင်း ၁၆၆ ကျောင်းရှိသည့်အနက် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)၏ ဆရာဒကာကျောင်းများဖြစ်သော အဘယာရာမ ကျောင်းတိုက်နှင့် မြို့မစမ်းမြိုင်ကျောင်းတိုက်များသို့ ယနေ့နံနက် ၉:၀၀ နာရီတွင် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား၊ ပဲ၊ ဝတ္ထုငွေ အစရှိသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာ အချက်အလက်များကို လျှောက်ထားရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများသည် ဆရာဒကာကျောင်းများအဖြစ် ရှိကြပါကြောင်း၊ အချို့ ကျောင်းများမှာ ဆရာဒကာ သတ်မှတ်ထားခြင်းမရှိသေးသည့်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများကို ဆရာဒကာကျောင်းများ သတ်မှတ်ပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သော နိုင်ငံများအနက် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော် ၃ ရပ်လုံးကို စည်ပင်ပြန့်ပွားအောင်ထိန်းသိမ်းစောင့်ရှောက်နိုင်သည်မှာ မြန်မာနိုင်ငံပင် ဖြစ်ပါကြောင်း၊ ပိဋက ၃ ပုံကို အာဂုံဆောင်နိုင်သော တိပိဋက၊ တိပိဋကကောဝိဒ ဆရာတော် ၁၅ ပါးအထိ ပေါ်ထွန်းခဲ့ပြီးဖြစ်ပါကြောင်း၊ အခြေပြု မူလတန်း၊ ပထမပြန် ဓမ္မာစရိယသင်တန်းများကို နိုင်ငံတစ်ဝှမ်း စာသင်တိုက်များတွင် သင်ကြားလျက်ရှိပါကြောင်း၊ စာသင်သား သံဃာတော်များ အကျိုးများစေရန်အလို့ငှာ ပိဋက ၃ ပုံအပြင် အဋ္ဌကထာ ၅၁ အုပ်ကို  ကွန်ပျူတာစာစီပြီး ပြန်လည်ပုံနှိပ်ရန် စီစဉ်လျက်ရှိပါကြောင်း၊  သာသနာတော်ကို အနှစ် ၅၀၀၀ တည်တံ့စေရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက ခံတပ်ကြီးတစ်ခုသဖွယ်ကျန်ရှိနေမည်ဟု မှတ်ယူမိပါကြောင်း၊ သို့ဖြစ်ပါ၍ သည်မြေ၊ သည်ရေ၊ သည်လေကို ရှူရှိုက်ပြီး ဤသာသနာတော် ကြီးအတွင်းတွင် နေထိုင်ပေါက်ဖွားရခြင်းမှာ ရတောင့်ရခဲလှသည့် ကြီးမားသော ကုသိုလ်ကံကြီး ကို ရရှိထားခြင်းဖြစ်ပါကြောင်း၊ ထေရဝါဒဗုဒ္ဓသာသနာ ထီးရိပ်အောက်တွင် နေထိုင်ရခြင်း၊ ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တံ့ပြန့်ပွား အောင်ဆက်လက်ဆောင်ရွက်နေကြသော သံဃာတော်အရှင်သူမြတ်များ၏အောက်တွင် နေထိုင် ရခြင်းမှာ ကုသိုလ်ထူးမြတ်ရပါကြောင်း၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့သော ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ ကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်တော်မူလာခဲ့သည်မှာ ဆရာတော် သံဃာတော်များပင် ဖြစ်ပါကြောင်း၊ သံဃာ့ဂုဏ်တော်များနှင့်ပြည့်စုံသော ဆရာတော်အရှင်သူမြတ်များထံမှ ဆုံးမဩဝါဒခံယူရ သည်မှာ မွန်မြတ်လှပါကြောင်း၊

          သို့ဖြစ်ပါ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ သံဃာအပါး ၁၀၈၀ ကို ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ထေရ်ကြီးဝါကြီးဆရာတော် များကို ၁ နှစ် ၁ ကြိမ်ဆေးစစ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်အကြီးအကဲကလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး မြန်မာနိုင်ငံတွင် ထွန်းလင်းလျက်ရှိကြောင်းပြသရန်၊ ထေရဝါဒဗုဒ္ဓသာသနာ၏ ဗဟိုချက်မသည် မြန်မာနိုင်ငံတွင်ရှိနေစေရန်၊ ထေရဝါဒဗုဒ္ဓသာသနာနှင့် ပတ်သက်ပါက မြန်မာနိုင်ငံက ခိုင်ခိုင်မာမာရပ်တည်လျက်ရှိကြောင်း ပြသရန်၊ မြန်မာနိုင်ငံ စည်ပင်သာယာဝ ပြောစေရန်၊ ငြိမ်းချမ်းသာယာစေရန်၊ ကမ္ဘာကြီးလည်း ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်ချက် များဖြင့် တည်ထားခဲ့ခြင်းဖြစ်ပါကြောင်း၊ တပည့်တော်တို့ တာဝန်ယူသည့်အချိန်တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်၍ တတ်နိုင်သမျှ သန့်ရှင်းအောင် တည်တံ့အောင် ပြန့်ပွားအောင် ဆောင်ရွက်ရမည်မှာ တပည့်တော်တို့ တာဝန်ပင်ဖြစ်ပါကြောင်း၊ မိမိတတ်စွမ်း နိုင်သလောက် ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်၊ တည်တံ့၊ သန့်ရှင်း၊ ပြန့်ပွားစေခြင်းအကျိုးငှာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်သံဃာတော်များ ဗုဒ္ဓသာသနာအကျိုး ဆက်လက် ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေခြင်း အကျိုးငှာ မိမိတို့ဒကာများတွင်လည်း များစွာတာဝန်ရှိ သည်ဟု ခံယူပါကြောင်း၊ သို့ဖြစ်ပါ၍ သာသနာတော်ကို အထောက်အပံ့ပြုစေမည့်ကိစ္စ များကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုလို  ဆရာတော် သံဃာတော်များထံသို့ လာရောက်ဖူးမြော်၍ တတ်စွမ်း သလောက်လှူဒါန်း ရခြင်းဖြစ်ပါကြောင်း၊ ဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းအဓွန့်ရှည် တည်တံ့ပြန့်ပွားစေရေးအတွက် ဆရာတော် သံဃာတော်များအနေဖြင့် ဘာသာအကျိုးသာသနာအကျိုးကို  ကျန်းမာစွာဖြင့် ဆောင်ရွက်နိုင် ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်း၊ နောက်အပတ်များတွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကျန်ရှိသော ဆရာဒကာ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက် သွားရောက်၍ ဖူးမြော်ဆက်ကပ် လှုဒါန်းသွားမည် ဖြစ်ပါကြောင်း လျှောက်ထားခဲ့ပါသည်။  အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.