အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၉)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၄-၁၁-၂၀၂၃ ရက်နေ့၊ နံနက် ၀၉၀၀ နာရီအချိန်၌ ပဲခူးတိုင်း ဒေသကြီး၊ ဒေးစွန်ပါသာသနာ့နယ်မြေ၊ ဉာဏိကာရာမကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော် ဘဒ္ဒန္တ ဉာဏိက ဦးစီးသော ဆရာတော် သံဃာတော် (၆၀)ပါးနှင့် သီလရှင် (၁၀)ပါး တို့အား ပင့်ဖိတ်၍ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဒေးစွန်ပါသာသနာ့နယ်မြေ၊ ရွှေကျင်ဂိုဏ်း ရပ်ကျေး သံဃနာယက ဆရာတော် ဒေါက်တာနန္ဒိယထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္စျာယ်တော်မူခြင်း၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော် ဒေါက်တာနန္ဒိယထံမှ အနုမောဒနာတရားချီးမြှင့်ခြင်းနှင့် ရေစက်ချအမျှပေးဝေခြင်း၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခြင်း၊ သံဃာတော် (၆၀)ပါးနှင့် သီလရှင်(၁၀)ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် ဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နေ့လယ် (၁၂၀၀)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။