ရှေးဟောင်းပစ္စည်းအပ်နှံခြင်းအတွက် ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကျင်းပ

You need to add a widget, row, or prebuilt layout before you’ll see anything here. 🙂

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျပင်ကျေးရွာနေ ပြည်သူ(၁၅)ဦးမှ မိမိတို့စုဆောင်း ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း(၄၃၂)ခုကိုအပ်နှံခဲ့သည့်အတွက် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ချီးမြှင့်ငွေကျပ် (၄၃၄၂၀၇၂/-)နှင့် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်း အခမ်းအနား ကို (၁၁.၁၂.၂၀၂၃) ရက်နေ့ နေ့လည်(၁:၀၀) နာရီအချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲရုံး၌ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပညာရေးတက္ကသိုလ်မှကျောင်းအုပ်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဂုဏ်ပြုမှတ်တမ်း လက်ခံရယူမည့် ကျေးရွာသူ/သား(၁၅)ဦး စုစုပေါင်း( ၄၀ )ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ရှေးဟောင်းပစ္စည်းများသည် နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကို ဖော်ထုတ်ရာ၌ အရေးပါသော အထောက်အထားများဖြစ်သည့်အတွက် မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဖျက်ဆီးခြင်း၊ တရားမဝင်ရောင်းချခြင်း များ ပြုလုပ်ပါက နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ နည်းဥဒေတို့အရ အရေးယူခံရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှတာဝန်ရှိသူများကလည်း ဒေသခံပြည်သူများအား အသိပညာပေး ဟောပြောခြင်း၊ ဥပဒေစာအုပ်များဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြည်သူများအနေဖြင့် တာဝန်သိစိတ်ရှိစွာဖြင့် ရွှေထည်နှင့်အခြား ရှေးဟောင်းဝတ္ထု ပစ္စည်း များအား နိုင်ငံတော်ပိုင် ပစ္စည်းအဖြစ်အပ်နှံပါက လွှဲပြောင်းပေးအပ်သူကို အကျိုးခံစားခွင့်ရှိသူ အဖြစ်သတ်မှတ်၍ ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးငွေပါတွက်ချက်ပြီး ချီးမြှင့်ငွေများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးလျက် ရှိပါကြောင်း၊ ယနေ့ လာရောက် အပ်နှံသည့် ဒေသခံများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့်လည်း ထပ်ဆောင်း တန်ဖိုး သတ်မှတ်ရာတွင် ရှေးဟောင်း ဝတ္ထုပစ္စည်း၏ နောက်ခံသမိုင်းကြောင်းအခြေအနေ၊ ပြုလုပ်သည့် ပစ္စည်းအမျိုးအစား၊ အနုလက်ရာမြောက်မှုအဆင့်အတန်း၊ သက်တမ်းနှင့်ကာလတန်ဖိုးတို့ အပေါ်တွင် မူတည်၍ စစ်ဆေးရေးအဖွဲ့က သတ်မှတ်ပေးအပ်လျက်ရှိပါသည်။ ကျောက်ခေတ်မှစ၍ ကိုလိုနီ ခေတ် ကာလအထိ ခေတ်ခွဲခြား၍ ခေတ်ကာလ ကြေးကို ၅၀% မှ ၁၀၀%အထိလည်းကောင်း၊ လက်ရာကြေး ကို ၃၀% မှ ၈၀% အထိလည်းကောင်း ကာလတန်ဖိုးအပေါ် ထပ်ဆောင်းချီးမြှင့် ပေးလျက်ရှိသည်။

ဆက်လက်၍ ရှေးဟောင်းဝတ္ထုပစ္စည်း (၄၃၂)ခုကို တာဝန်သိစိတ်ရှိစွာဖြင့် လာရောက် အပ်နှံခဲ့ သော မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျပင်းကျေးရွာမှ ဒေသခံ(၁၅)ဦးအား ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၄၃၄၂၀၇၂/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.