ယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့် ရှေးဟောင်းအဆောက်အအုံများ၏ ပရဝဏ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန် အသိပေးကြေညာချက်

၁။      မည်သူမဆို-

          (က)    ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင်  လယ်မြေ၊ ယာမြေများအပေါ်၌ သဘာဝပတ်ဝန်းကျင် နှင့်ပတ်ဝန်းကျင်မြင်ကွင်းကို ထိခိုက်စေသော နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းကို တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဆောင်ရွက်ခြင်းမပြုရန်၊

          ( ခ )   ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဒေသမျိုးရင်းမဟုတ်သည့်  မျိုးစိတ်များ စိုက်ပျိုး ခြင်းကို တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဆောင်ရွက်ခြင်းမပြုရန်၊

          ( ဂ )   တံတိုင်း ပတ်လည်ရှိသော ရှေးဟောင်းဘုရားများ၏ သတ်မှတ်ထားသော ဧရိယာ အတွင်း တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ထွန်ယက်စိုက်ပျိုးခြင်းများ ပြုလုပ်ရာတွင် ကျွဲ၊ နွားဖြင့်သာ ထွန်ယက်စိုက်ပျိုးရန်၊  

          (ဃ)    ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း မြေအောက်၌ မမြင်ရသေးသော ရှေးဟောင်း အဆောက်အအုံများ တည်ရှိနိုင်သည့်အတွက် လယ်မြေ၊ ယာမြေများတွင် ယဉ်ကျေးမှု အမွေအနှစ်ကို မထိခိုက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ပရဝဏ်အတွင်း ထွန်ယက်စိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ ဆောင်ရွက်ခြင်းမပြုရန်၊

          ( င )   ရှေးဟောင်းအဆောက်အအုံအနီး သတ်မှတ်ထားသော ဧရိယာအတွင်း တုန်ခါမှုဖြစ်ပေါ် စေသော ယန္တရားကြီးများ သို့မဟုတ် စက်ကိရိယာများ အသုံးပြုခြင်းကို ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏  ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဆောင်ရွက်ခြင်း မပြုရန်၊

          ( စ )   ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ဧရိယာအတွင်း သီးနှံပင်များ ရှင်သန် ကြီးထွားစေရေးအတွက် မြေဩဇာအသုံးပြုရာတွင် သဘာဝအရ ပြုလုပ်ထားခြင်း မဟုတ်ဘဲ ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် ဓာတ်မြေဩဇာများ လုံးဝအသုံးမပြုရန်၊ (မှတ်ချက်- ဇီဝမြေဩဇာနှင့် သဘာဝမြေဩဇာများကိုသာ အသုံးပြုရမည်။)

          (ဆ)    လယ်မြေ၊ ယာမြေများသို့ ရေပေးသွင်းရန် ရေမြောင်းများ ဖောက်လုပ်သွယ်တန်းခြင်း၊ အဝီစိတွင်း တူးခြင်း၊ ရေတွင်း၊ ရေကန်များ တူးဖော်ခြင်း ပြုလုပ်လိုပါက တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက် ရယူပြီးမှ ဆောင်ရွက်ရန်၊

          ( ဇ )   သီးနှံစိုက်ပျိုးရန် ထွန်ယက်ရာမှ ရှေးဟောင်းအဆောက်အအုံ၏ အစိတ်အပိုင်းများ သို့မဟုတ် ရှေးဟောင်းဝတ္ထုပစ္စည်းများ တစ်စုံတစ်ရာတွေ့ရှိပါက လုပ်ငန်းရပ်ဆိုင်း၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အကြောင်းကြားရန်၊

          ( ဈ )   ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေကြီးနစ်မြှုပ်မှု လျော့ပါးသက်သာစေရန်နှင့် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေစီးရေလာပိတ်ဆို့တားဆီးခြင်း လုပ်ငန်းများ  ပြုလုပ် လိုပါက တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက် ရယူပြီးမှ ဆောင်ရွက်ရန်။

၂။       အထက်ဖော်ပြပါအချက်များသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေများ၏ ပြဋ္ဌာန်းချက်များကို အများပြည်သူသိရှိနိုင်စေရန် အသိပေး ကြေညာချက်အဖြစ် ထုတ်ပြန်ခြင်းဖြစ်ပါသည်။ လိုက်နာခြင်းမရှိပါက ယင်းဥပဒေများနှင့်အညီ အရေးယူ ခြင်းခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

Be the first to comment

Leave a Reply

Your email address will not be published.