သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းထားမှု၊ သန့်ရှင်းရေးဆောင်ရွက်ထားမှုတို့ကို လှည့်လည်စစ်ဆေး ၁၁.၁.၂၀၂၄ ပုဂံမြို့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် (၁၁.၁.၂၀၂၄) ရက်နေ့ တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု၊ သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ ပုဂံရှေးဟောင်းသုတေသန ပြတိုက်တွင်း ခင်းကျင်းပြသထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

           ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးပြီဖြစ်သည့် Area I အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက Area I အတွင်းရှိ စေတီပုထိုးဂူဘုရားပေါင်း (၂၅၅) ဆူတွင် ရင်ပြင်တော်မှပေ(၂၀)အကွာ ပတ်ဝန်းကျင်ပေါင်းမြက်ချုံနွယ်များရှင်းလင်းခြင်း၊ ဘုရားများ အပေါ်ပိုင်းတွင် ‌ပေါက်‌ရောက်နေသော ပေါင်းမြက်နှင့် ညောင်ပင်များအား ရှင်းလင်းဆောင်ရွက်ခြင်း နှင့် ဆင်းတုတော်ရှိသော လိုဏ်ဘုရားများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ လိုဏ်ပတ်လမ်းများတွင် ခိုချေးများ၊ ဖုန်မှုန့်များ၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ဘုရားသွားလမ်း လမ်းဘေးဝဲယာသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို  (၄.၇.၂၀၂၃) ရက်နေ့မှ (၁၅.၉.၂၀၂၃)  ရက်နေ့ အထိ  ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် Area I တွင် ပါဝင်သော နရသီဟပတေ့ဘုရားသို့ သွားရောက်ဖူးမြော်ကာ စေတီအထက်ပစ္စယံမှ Area I တွင် ပါဝင်သော ဘုရားများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေရှည်ရှင်းလင်းမှု ရှိစေရေး ပြည်ထောင်စုဝန်ကြီးလမ်းညွှန်ချက်နှင့်အညီ စနစ်တကျစီမံဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

           ၎င်းနောက် ဘုရားအမှတ် (၅၃၄) စားပွဲတင်ဘုရား  ပြုပြင်ထိန်းသိမ်းမှုများကို စစ်ဆေးခဲ့ရာ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူများက ဘုရားပြုပြင်ထိန်းသိမ်းမှု၊ နံရံပန်းချီထိန်းသိမ်းမှုများ၊ ရုပ်ပွားတော်(၄)ဆူကို (၁၃)ရာစုလက်ရာ ပုံသဏ္ဌာန်နှင့်အညီ ပြန်လည်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက ဘုရားပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ရာတွင် လင်းနို့များ၊ ခိုများ ဝင်ရောက်မှုမရှိစေရေးကိုပါ စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

           ဆက်လက်၍ ဘုရားသွားမြေနီလမ်း ဝဲယာတစ်လျှောက် ချုံနွယ် ရှင်းလင်းနေမှုလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူက လမ်းဘေး ဝဲယာ၊ လမ်းနှင့် ယာခင်းကြား ချုံနွယ်များကို ရှင်းလင်းဆောင်ရွက်ရာတွင် အပိုင်း (၅)ပိုင်းခွဲခြားဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လက်ရှိ အပိုင်း တစ်ပိုင်း ဆောင်ရွက်မှုတွင်  ၅၀ % ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ကျန်အပိုင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ဒုတိယဝန်ကြီးက ချုံနွယ်၊ ပေါင်းမြက်များရှင်းလင်းရာတွင် ထွက်ရှိလာသည့်အမှိုက်များအား စနစ်တကျ ရှင်းလင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

           ၎င်းနောက် ဘုရားအမှတ် (၇၇၂) အင်းဘုရားကြီးပေါ်တွင် ပေါက်ရောက်နေသော ညောင်ပင်များ၊ ပေါင်းမြက်များကို ရှင်းလင်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး၍  ဘုရားပေါ်တွင် ခက်ခဲစွာရှင်းလင်းဆောင်ရွက်ရသည့်အတွက် ညောင်ပင်များကျန်ရှိမနေစေရေး စနစ်တကျ ဆောင်ရွက်ရန်၊ ဝန်ထမ်းများအသက်အန္တရာယ် မရှိစေရေးအတွက် လိုအပ်သည့်  Safety Equipment  များ အသုံးပြု ဆောင်ရွက်သွားရန်နှင့်  အောက်ခြေပေါင်းမြက်များကိုလည်း ရှင်းလင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

           ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ရောက်ရှိပြီး ပြတိုက် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူများက ပြတိုက်ဖွဲ့စည်းပုံအင်အားနှင့် ဒုတိယဝန်ကြီး၏လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို  ရှင်းလင်းတင်ပြခဲ့ပါသည်။ ဒုတိယဝန်ကြီးက ပြတိုက်ခင်းကျင်းပြသမှုနှင့် ရှင်းလင်းပြသမှုများကို စနစ်တကျစီမံဆောင်ရွက်ရန်နှင့် ရှင်းလင်းပြသမှုအပိုင်းတွင် တစ်ဦး တစ်ယောက်တည်းက  ရှင်းလင်းပြသမှုမဟုတ်ဘဲ ပြခန်းအလိုက် ဝန်ထမ်း တစ်ဦးချင်းစီ  ရှင်းလင်း ပြသနိုင်ရေးစီမံဆောင်ရွက်ရန်၊ ပြတိုက်ခင်းကျင်းပြသခြင်း၊ ရှင်းလင်းပြသခြင်းဆိုင်ရာ တာဝန်များ ကျေပွန်စေရေး ပြတိုက်ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ပြတိုက်ခင်းကျင်းမှုများနှင့် ရှင်းလင်းချက်စာသားများအား လမ်းညွှန်ချက် အတိုင်း ပြုပြင်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

           ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငှက်ပစ်တောင်ဘုရားဝင်းအတွင်းရှိ ရှင်အရဟံ အုတ်ကျောင်းသို့ သွားရောက်၍ အုတ်ကျောင်းအတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ ဘုရားဖူး ဧည့်သည်များ ဖူးမြော်ကြည်ညိုနိုင်ရေး ပြင်ဆင်ခင်းကျင်းထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက်  ရှင်အရဟံ ရုပ်တု ထားရှိသော ကျောင်းဆောင်အတွင်းသို့ တိရစ္ဆာန်များ ဝင်ရောက်ခြင်း မရှိနိုင်စေရေးအတွက် ဝင်ပေါက်များကို သံဇကာအစိပ်ဖြင့် တံခါးပြုလုပ်တပ်ဆင်သွားရန် နှင့် အမြဲတမ်းသန့်ရှင်းစေရေး ဆောင်ရွက်ထားရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ငှက်ပစ်တောင် ဘုရားဂေါပကအဖွဲ့သို့ လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ငှက်ပေါက်တွင်းနှင့် ငှက်ကြီးဂူများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ ငှက်ကြီးရုပ်တုတွင် ဆေးရောင်များ မှေးမှိန်ယိုယွင်းနေသဖြင့် ဌာန၏ ကြီးကြပ်မှုဖြင့် မူလဆေးရောင်အတိုင်း ပြန်လည်ဆေးသုတ်ရန် ငှက်ပစ်တောင် ဘုရားဂေါပကအဖွဲ့သို့ လမ်းညွှန်မှာကြားခဲ့ပါသည်။           မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ဘုရားအမှတ် (၁၆၁) ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းကို  သွားရောက်စစ်ဆေး၍ လက်ရာသေသပ်ကောင်းမွန်စေရန်နှင့် စံချိန်စံညွှန်း ပြည့်မီစေရေး အလေးထား ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍  လောကပွင့်လင်း ဆုတောင်းပြည့် မြတ်စွာ ဘုရားကျောင်းတော်ကြီးအတွင်းရှိ လျောင်းတော်မူရုပ်ပွားတော်ကြီးကိုဖူးမြော်ကြည်ညို၍ ရုပ်ပွားတော် ရှိရာ  လိုဏ်ဂူမျက်နှာကြက်များ ပျက်စီးနေခြင်းကို မိုးမကျမီ ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။