(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းသုံးသပ်အစည်းအဝေးကျင်းပ နေပြည်တော်ဇန်နဝါရီ ၁၉

                                                                                       

၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းသုံးသပ်အစည်းအဝေးကို  ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊  လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် အခမ်းအနား အဖြစ် ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှု၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ နိုင်ငံတော်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ အနီးကပ်ကြီးကြပ်မှု၊ ဝန်ကြီး ဌာနများမှ ဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၏ ညှိနှိုင်းပေါင်းစပ်မှု၊ လုပ်ငန်းကော်မတီ နှင့်ဆပ်ကော်မတီအသီးသီးတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၏ ဆက်စပ်ပံ့ပိုးမှု၊ ဘာသာရပ်ဆိုင်ရာ ဝါရင့်အနုပညာရှင် အကဲဖြတ် ပုဂ္ဂိုလ်ကြီးများနှင့် ပြိုင်ပွဲဝင်များ၏ စိတ်ပါဝင်စားစွာ ကြိုးပမ်းအားထုတ်မှုတွေကြောင့် အောင်မြင်ခမ်းနားစွာ ကျင်းပ နိုင်ခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ (၂၄)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြိုင်ပွဲကျင်းပပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ပြိုင်ပွဲကျင်းပရေး၊ ဦးစီးကော်မတီဝင်နှင့် လုပ်ငန်း ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်တို့က ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက   ကျင်းပပြီးစီးခဲ့သည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ အားသာချက်၊ အားနည်းချက်၊ အကြံပြုချက်များကို ရှင်းလင်းတင်ပြ  ကြပါသည်။  ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဆွေးနွေးတင်ပြချက်များအပေါ်ပြန်လည် ညှိနှိုင်း ဆွေးနွေးခဲ့ပြီး လာမည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် “ချင်းတိုင်းရင်းသားများ၏ ရိုးရာအက”ကို ယှဉ်ပြိုင်ကြရမှာဖြစ်သည့်အပြင်  နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တိုင်းရင်းသားများအားလုံး၏ ရိုးရာတူရိယာများကို စုပေါင်းတီးခတ်သရုပ်ပြ တင်ဆက်ခြင်းအစီအစဉ်ကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးအနေနှင့် ယခုအချိန်မှ စတင်၍ ကြိုတင်ပြင်သင့်သည်များကို အလေးဂရုပြု၍ ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကိုလည်း ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန် မှာကြား ခဲ့ကြောင်းသတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.