သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ ထိန်းသိမ်း၊ တိုးတက်ပြန့်ပွားရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အနုပညာရပ်နှင့် ဆက်နွယ်နေသည့် ပညာဗဟုသုတများကို မျိုးဆက်သစ်များ အသိပညာတိုးတက်စေရန်အတွက် အနုသုခုမဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉ : ၃၀ နာရီ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ဖိတ်ကြား ထားသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အနုသုခုမပညာကို နှစ်သက် မြတ်နိုးသော သုတေသီများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားခဲ့ရာ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ယဉ်ကျေးမှုအခန်း ကဏ္ဍမှာ “ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန”၊ “သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန”၊ “အနုပညာဦးစီးဌာန”ဆိုသည့် ဌာနကြီး(၃)ခု ကို ဖွဲ့စည်း ထားပြီး မြန်မာ့ယဉ်ကျေးမှုအစုစုတို့ကို ရှာဖွေ ဖော်ထုတ် ထိန်းသိမ်း မြှင့်တင် လျက်ရှိကြ ပါကြောင်း၊ ယခုစာတမ်းဖတ်ပွဲကျင်းပသည့် အနုပညာဦးစီးဌာနအနေဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို လေ့လာသုတေသနပြုပြီး အနုပညာဖန်တီးမှုများမှတစ်ဆင့် ဖျော်ဖြေ တင်ဆက်ခြင်း၊ အသိပညာပေးခြင်း၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် အာရှဒေသတွင်းနိုင်ငံများနှင့် ယဉ်ကျေးမှုဖလှယ် ခြင်း၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ယဉ်ကျေးမှုအနုသုခုမဆိုင်ရာ စာအုပ်စာတမ်းများ ပုံနှိပ်ထုတ်ဝေခြင်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းတို့ကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုမျှမက နိုင်ငံတော်အတွက် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု အနုသုခုမဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို အနုပညာဦးစီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသော အနုပညာ အထက်တန်းကျောင်း-ရန်ကုန်နှင့်မန္တလေးတို့က မွေးထုတ်ပေးလျက်ရှိသကဲ့သို့ မြန်မာ့ပြက္ခဒိန် ပညာရပ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကိုလည်း မွေးထုတ်ပေးလျက်ရှိသည့့် ဦးစီးဌာန တစ်ခုဖြစ်ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များထဲတွင် နှစ်စဉ်မူမှန်ပြက္ခဒိန်ရေးဆွဲပေးရခြင်း၊ သင်္ကြန်စာထုတ်ပေးရခြင်းတို့လည်း ပါဝင်ပါကြောင်း၊ မြန်မာ့ပြက္ခဒိန်ပညာတိုးတက်ပြန့်ပွားရေးနှင့် ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် မျိုးဆက် သစ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၃ ခုနှစ် ၊ မေလ ၁၅ ရက်နေ့တွင် အနုပညာ ဦးစီးဌာနက ဦးဆောင်၍ ဘွဲ့လွန်မြန်မာ့ပြက္ခဒိန်ပညာဒီပလိုမာသင်တန်းကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များက အနုသုခုမဆိုင်ရာ စာတမ်း(၄)စောင်ကို ဖတ်ကြားတင်သွင်းကြမည်ဖြစ်ပါကြောင်း၊ ပထမဦးစွာ ရန်ကုန်အဝေးသင် တက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ ပါမောက္ခဒေါက်တာသက်ဝေဝင်းက အနုပညာနှင့် ဒဿနိက ဗေဒ ဆက်နွယ်မှုကို တင်ပြမည်ဖြစ်ပြီး စာတမ်းရှင်ကိုယ်တိုင်က ဒဿနိကဗေဒအထူးပြု ပါရဂူတစ်ဦး ဖြစ်သည့်အတွက် အနုပညာကို ဒဿနိကဗေဒရှုထောင့်မှနေ၍ သုတေသနပြု ထားပြီး ပြည့်ပြည့်စုံစုံ ဖတ်ကြားတင်ပြသွားမည်ဟု မျှော်လင့်မိပါကြောင်း၊ ဒုတိယစာတမ်း အနေဖြင့့် မန္တလေးတက္ကသိုလ်၊ စိတ်ပညာဌာန၊ ပါမောက္ခဒေါက်တာသီရိလှိုင်က အနုပညာနှင့် ကျန်းမာရေး ဆက်နွယ်ပုံများကို ဖတ်ကြားမည်ဖြစ်ပါကြောင်း၊၎င်းစာတမ်းတွင် အနုပညာသည် ကျန်းမာရေးကိုမည်သို့ အကျိုးသက်ရောက်မှုရှိစေနိုင်သည်ကို သတိပြုမိစေသည့် စာတမ်း တစ်စောင်ဖြစ်ပြီး ကျန်းမာရေးနှင့် ဆက်စပ်မှုကို သတိပြုမိရာမှတစ်ဆင့် အနုပညာတင်ဆက်မှု များကို အသုံးချ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် ကဏ္ဍများတွင် ကူးလူး ဆက်နွယ်လျက် ရှိနေသည်ကို အလေးဂရုပြုပြီး မိမိနိုင်ငံနှင့်လူမျိုးအတွက် ဆောင်သင့် သည်ကိုဆောင်၊ ရှောင်သင့်သည်ကို ရှောင် နိုင်ဖို့အတွက်လည်း တွေးမြင်မိမည်ဟု ယူဆမိပါကြောင်း၊ တတိယစာတမ်းမှာ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော ပြက္ခဒိန်ပညာရှင် ဦးရဲမြတ်အောင်၏ မြန်မာ့ပြက္ခဒိန်ပညာကို တင်ပြသည့် စာတမ်းဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင်ရှိသော ယဉ်ကျေးမှုအစဉ် အလာကြီးမားသည့် နိုင်ငံများတွင် ကိုယ်ပိုင် ပြက္ခဒိန် ရေးဆွဲနိုင်သော အတတ် ပညာရပ်များရှိသကဲ့သို့ မြန်မာနိုင်ငံသည်လည်း ရှေးနှစ်ပေါင်း များစွာကတည်းကပင် မြန်မာ့ ပြက္ခဒိန်ပညာရပ် တိကျခိုင်မာစွာရှိကြောင်းကို တွက်ချက်မှု နည်းစနစ်များ၊ မြန်မာ့ပြက္ခဒိန် ပညာအယူအဆ၊ ထုံးတမ်းစဉ်လာများနှင့်တကွ သက်သေ ပြနိုင်မည့် စာတမ်းတစ်စောင်ဖြစ်မည် ဟု ယုံကြည်ပါကြောင်း၊ နောက်ဆုံးစာတမ်းရှင် ဦးအမ်းယုမောင်(မောင်လူမွှေး-မြန်မာမှု) တင်ပြမည့် နတ်ချင်းဆိုင်ရာစာတမ်းတွင် ကမ္ဘာ့နိုင်ငံ များတွင် ရှိကြသည့် ဓလေ့ရိုးရာ အဆို၊ အက၊ အတီး ဖျော်ဖြေတင်ဆက်မှုအနုပညာရပ်များသည် အများအားဖြင့် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ ထုံးတမ်းစဉ်လာများအပေါ်တွင် အခြေခံ၍ စတင် ဖွံ့ဖြိုးလာခဲ့ကြပကြောင်း၊ မြန်မာ့ သမိုင်း တစ်လျှောက်တွင်လည်း ဓလေ့ရိုးရာ ကိုးကွယ် ယုံကြည်မှုများမှတစ်ဆင့် နတ်အက၊ နတ်ချင်းများပေါ်ထွန်းခဲ့ပါကြောင်း၊ အဆိုပါနတ်ချင်း စာသားများကို လေ့လာရာတွင် မြန်မာ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ သမိုင်းနောက်ခံအခြေအနေများ များစွာပါဝင်နေသည်ကို သိရှိ ကြမည်ဖြစ်ပါကြောင်း၊ ၎င်းတို့ကို ဆရာမောင်လူမွှေး-မြန်မာမှုက အနုစာပေရှုထောင့်မှ တင်ပြသွားမည်ဖြစ်သည့်အတွက် နတ်ချင်းများ၏ သဘော သဘာ၀များကို လေ့လာခွင့်ရရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း၊ အချုပ်အားဖြင့် ယနေ့ ဖတ်ကြားတင်သွင်းမည့် စာတမ်း(၄)စောင်သည် အနုပညာသည် အတွေးအခေါ် အယူအဆနှင့် ရသပညာ၏ အရေးပါမှု၊ ကျန်းမာရေးအပေါ် အနုပညာ၏ ဩဇာသက်ရောက်မှု၊ မြန်မာ့ပြက္ခဒိန်ပညာ၏ သမိုင်းတန်ဖိုးကြီးမားမှု၊ မြန်မာ့ နတ်ချင်းများ၏ အနက်အဓိပ္ပာယ် ပြည့်ဝမှုများကို ဖော်ထုတ်တင်ပြနိုင်မည့် စာတမ်းများ ဖြစ်သည်ဟု သုံးသပ်နိုင်ပါကြောင်း၊ ထိုမျှသာမက စာတမ်းရှင်များ၏ ဖတ်ကြားတင်ပြမှုများနှင့် ပရိသတ်များ၏ အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများကတစ်ဆင့် မြန်မာ့အနုပညာဖန်တီးမှုများ အတွက် အတွေးအခေါ်အယူ အဆသစ်များ၊ မြှင့်တင်ထိန်းသိမ်းရန် အစဉ်လိုအပ်လျက်ရှိနေသည့် ရှေးဘိုးဘွားများ ပေးအပ်ခဲ့သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များ၏ စံတန်ဖိုးများကို အနုပညာစွမ်းအားဖြင့် ကြိုးပမ်းဖော်ထုတ်နိုင်မည့် နည်းလမ်းကောင်းများကို ပိုမို ရရှိလာမည်ဟု ထပ်ဆင့်ယုံကြည်ပါကြောင်း၊ ယနေ့ကြွရောက်ချီးမြှင့်ပေးကြပါသော ဧည့်သည် တော်ကြီးများ၊ ပညာရှင်များ၊ သုတေသီများနှင့် ဧည့်ပရိသတ်များအားလုံးအတွက်လည်း အတိုင်း အတာတစ်ခု အထိ အကျိုးရှိစေမည့် စာတမ်းဖတ်ပွဲတစ်ရပ်ဖြစ်ပါကြောင်း၊ “အနုသုခုမဆိုင်ရာ စာတမ်းဖတ်ပွဲ” ကို ဂုဏ်ပြုဖော်ညွှန်းပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အနုသုခုမဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် အမှတ်တရ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ စာတမ်းရှင်များဖြစ်ကြသော ရန်ကုန် အဝေးသင်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန ပါမောက္ခဒေါက်တာသက်ဝေဝင်းက Why Philosophy Essential in Art စာတမ်း ကိုလည်းကောင်း၊ မန္တလေးတက္ကသိုလ်၊ စိတ်ပညာဌာန၊ ပါမောက္ခ ဒေါက်တာသီရိလှိုင်က The Relationship Between Art and Psychological Well-being ( Art Therapy)စာတမ်းကိုလည်းကောင်း၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးရဲမြတ်အောင်က မြန်မာ့ပြက္ခဒိန်ပညာစာတမ်းကိုလည်းကောင်း၊ ဦးအမ်းယုမောင် (မောင်လူမွှေး-မြန်မာမှု)က နတ်ချင်းနှင့်အပျိုတော်အကစာတမ်းကိုလည်းကောင်းဖတ်ကြားတင်သွင်းကြခဲ့ကြပြီး စာတမ်းရှင် များ၏ သဘာပတိအဖြစ် ဒေါက်တာမြသောင်း၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးမင်းမင်းနှင့် စာပေပညာရှင် ဦးစုအောင်တို့က ဆောင်ရွက်ကြပါသည်။ ၎င်းနောက် အခမ်း အနားသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းခြင်းကို စာတမ်းရှင်များက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက စာတမ်းဖတ်ပွဲနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး နောက် သဘာပတိနှင့် စာတမ်းရှင်များအား အမှတ်တရလက်ဆောင်များပေးအပ်၍ အခမ်း အနားကို ၄:၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်ဟု သတင်းရရှိသည်။