သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ပုဂံခေတ်‌ရှေးဟောင်း ရေလမ်းကြောင်းများ၊ ရှေးဟောင်းရေကန် ဆယ်ယူထိန်းသိမ်းမှုနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက် ၁၄.၃.၂၀၂၄ ပုဂံမြို့

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် (၁၄.၃.၂၀၂၄) ရက်နေ့ တွင် ပုဂံရှေးဟောင်းသုတေသန အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ ရေးရာဝန်ကြီး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အီတလီနိုင်ငံ University of Marche မှ ရေစီမံခန့်ခွဲမှု ပညာရှင်  Hydrology Expert  Professor Dr. Massimo Sarti နှင့် ဆက်စပ်ဌာနဆိုင်ရာများနှင့် ရှေးဟောင်းရေကန် ဆယ်ယူထိန်းသိမ်းမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်း အဝေး တက်ရောက်ခဲ့ပါသည်။

          ဒုတိယဝန်ကြီးက ပုဂံဒေသသည် သဲဆန်သောမြေဖြစ်ပြီး အပူချိန်များ၍ ပူပြင်း ခြောက်သွေ့သောဒေသဖြစ်သော်လည်း အချို့သော တည်ဆောက်ပြုပြင်မှုများဖြစ်သော လမ်းဖောက် လုပ်ခြင်း၊ ခြံဝင်းခတ်ခြင်း အစရှိတဲ့ လုပ်ငန်းများဆောင်ရွက်သောကြောင့် မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုများအရ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေဝပ်ရေလျှံမှုများပါ ဖြစ်ပေါ်လာပါကြောင်း၊ ရေဝပ်၊ ရေလျှံခြင်းကြောင့် ရှေးဟောင်း အဆောက်အအုံများ ထိခိုက်လာနိုင်ပြီး အနုလက်ရာ အဆင်တန်ဆာများ ဖြစ်သော အင်္ဂတေပန်းများ၊ နံရံပန်းချီများ ထိခိုက်ပျက်စီးစေနိုင်ပါကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် နိုင်ငံတကာပညာရှင်များနှင့် ဆက်စပ်ဌာနများ ပူးပေါင်း၍ ပုဂံခေတ် ရေစီး ရေလာကောင်းမွန်စေရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော် ဝန်ကြီးချုပ် ကလည်း ပုဂံဒေသခရီးစဉ်တွင် ရေဝပ်ရေလျှံမှု လျှော့ချနိုင်ရေး၊ ရေစီး ရေလာ ကောင်းမွန်စေရေး ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ရန် လမ်းညွှန်ခဲ့သည့်အတွက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဆက်စပ်ဌာနများ ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေပါကြောင်း၊  ‌ရှေးဟောင်းရေလမ်း‌ကြောင်းများနှင့် ရှေးဟောင်းရေကန်များကို ဆယ်ယူ ထိန်းသိမ်းခြင်းလုပ်ငန်း သုတေသနလုပ်ငန်း၊ စောင့်ကြည့် လေ့လာခြင်းလုပ်ငန်းနှင့်  စတင်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုပြီး အားနည်းချက်များ ဆွေးနွေးညှိနှိုင်း ပြုပြင်ဆောင်ရွက်သွားနိုင်ရန် ပြုလုပ်သည့် အစည်းအဝေး ဖြစ်ပါကြောင်း၊  ဤအစည်းအဝေးပြီးလျှင်လည်း ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် ဌာနဆိုင်ရာများမှ ပညာရှင်များနှင့် ပြည်ပ ရေအရင်းအမြစ် ပညာရှင်တို့ Technical WorkShop  ပြုလုပ်၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးကာ ကမ္ဘာ့အမွေအနှစ်နှင့်ညီညွတ်အောင် ရှေးဟောင်းအသွင်အပြင် မထိခိုက်စေအောင် ပြုပြင်သင့်သည်များ ပြုပြင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်နှင့် ပုံစံများပါ ညှိနှိုင်းကြရန် ဖြစ်ကြောင်း၊ ပုဂံ၏ ရှေးဟောင်း ရေစီးရေလာစနစ်သည် ရေစီးလမ်းကြောင်းများနှင့် ရေကန်များကို ချိတ်ဆက်၍ မိုးများစေကာမူ ရေလွှမ်း/‌ရေကြီးမှု မရှိစေရန်နှင့် ‌‌ရေကန်များအတွက် သုံးရေ၊ သောက်ရေများ ရရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့သည့်အတွက်  ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနိုင်ရန် ၂၀၂၂ ခုနှစ်က စတင်၍  ပြည်ပ ပညာရှင်နှင့် ပူးပေါင်းကာ နှစ်တို၊ နှစ်ရှည် လျာထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေလမ်းကြောင်းများနှင့်အတူ ပုဂံဒေသတွင် ရှေး‌ဟောင်းရေကန်(၁၀၆) ကန် မှတ်တမ်းပြုထားပြီး ပြုပြင်ထိန်းသိမ်းရန်(၉၁)ကန်အား ပထမအဆင့် (၄၆)ကန်၊ ဒုတိယအဆင့် (၄၅)ကန်လျာထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ အမွေအနှစ်အပေါ် ထိခိုက်သက်ရောက်မှု ဆန်းစစ်ချက်(HIA) ဆောင်ရွက် ခြင်း၊ ရေကန်တစ်ကန်ချင်းအတွက်  အသေးစိတ် Topographic Map များ၊  GPS အချက်အလက်များ ပြုစုခြင်း၊ စမ်းသပ်ကျင်းများ တူးဖော်၍ ပို့ကျမြေလွှာများနှင့် ရေထိန်းနိုင်သည့် မြေလွှာများ လေ့လာခြင်း၊ မူလ ကန်ဘောင်အရွယ်အစားမပျက် ပို့ကျနေသော အနည်အနှစ်များ၊ နုန်းဆယ်ခြင်းနှင့် မူလ‌ရေဝင်၊ ရေလျှံလမ်းများ ဖော်ထုတ်ပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းဖောက်ခြင်းကြောင့်  ပျောက်ကွယ်သွားသော ရေလမ်းကြောင်းများအား အစားထိုး ဖော်ထုတ်ပေးခြင်းများကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း‌၊ ပုဂံခေတ် ရေစီမံခန့်ခွဲမှုစနစ်၏ အရေးပါသော ရှေး‌ဟောင်းရေလမ်းကြောင်းများ အပါအဝင် ရေကန်များရှိ  ပို့ကျနေသော နုန်းများ  ပြန်လည်ဆယ်ယူဖော်ထုတ်၍ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းသည် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်မှု တစ်ရပ်လည်း ဖြစ်သကဲ့သို့  ရှေးခေတ်၏ ရေစီမံခန့်ခွဲမှုစနစ် ပြန်လည်ဖော်ထုတ် အသက်ဝင်စေရန် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း၊  ရေလမ်းကြောင်းများ ဖော်ထုတ်ခြင်းဖြင့် ဒေသနေပြည်သူများ သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် ကျေးငှက်သတ္တဝါများအတွက်လည်း သောက်သုံးရေ အဆင်ပြေမည် ဖြစ်ပြီး ရေကန်များ ဆယ်ယူ ထိန်းသိမ်း‌ရာတွင် မြေအောက်တွင်မမြင်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များ တွေ့ရှိနိုင်သည့်အတွက် ဂရုပြုဆောင်ရွက်သွားရန်၊ ရေကန်များတွင် ရေဝင်နိုင်စေရန်အတွက် မူလရေလမ်းကြောင်းနှင့် ချိတ်ဆက်၍ စနစ်တကျ ဆောင်ရွက်သွားရန်၊ အရည်အသွေးကောင်းမွန်သပ်ရပ်အောင် ဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသ မထိခိုက်စေရန်အတွက်  ပညာရပ်ဆိုင်ရာ ဆွေးနွေး ညှိနှိုင်း၍ ပြုပြင်ဆောင်ရွက်သင့်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဖြစ်ပါကြောင်း ပြောကြား ပါသည်။

ထို့နောက် မန္တလေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ ရှေး‌ဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အီတလီနိုင်ငံမှ ပညာရှင် Professor Dr. Massimo Sarti၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္ထုရှာဖွေရေး ဦးစီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက သုတေသနပြု လေ့လာတွေ့ရှိချက်များ၊ ပြုပြင်ပေး သင့်သည်များ၊ လက်ရှိဆောင်ရွက်ထားရှိမှုများ ဆက်လက် ဆောင်ရွက်သင့်သည်များကို ရှင်းလင်း တင်ပြပြီးတက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ပြင်ပပညာရှင်များကလည်း ဆွေးနွေးတင်ပြ အကြံပြု ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နုန်းများဆယ်ယူတူးဖော်နေသည့် ရေတော်မုနိကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စမ်းသပ်တူးဖော်သုတေသနပြုမှုအရ ကန်အမျိုး အစားသည် မြေသားကန် မဟုတ်ဘဲ ကန်ပေါင်များကို အုတ်ဖြင့်တည်ထားသည့် ကန်ဖြစ်ပါကြောင်း သိရှိရသည့်အတွက် ထွက်ပေါ်လာသော ရေကန်ပေါင်အုတ်ရိုးတန်းများကို ထိခိုက်မှုမရှိစေဘဲ စနစ်တကျတူးဖော်ထိန်းသိမ်းရန်နှင့် မူလတန်ဖိုး မပျောက်ပျက်အောင် ဆောင်ရွက်ရန်နှင့်အနီး ဝန်းကျင်တွင် ရှေးဟောင်းအုတ်ရိုးတန်း တွေ့ရှိရသည့်အတွက် မူလပုံသဏ္ဍာန်မပျက် ပြုပြင်ထိန်းသိမ်း သင့်ရေးဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ကန်များပြန်လည်တူးဖော်ရန်အတွက် စက်ယန္တရား မောင်းနှင်သောဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ပါသည်။

ထို့နောက် ရွှေထီးကန် တူးဖော်ထားရှိမှုကို  ကြည့်ရှုစစ်ဆေးခဲ့ရာ မူလကန်ပေါင် အသွင်အပြင်၊ ပုံသဏ္ဌာန်အတိုင်း ‌ဆောင်ရွက်ထားရှိရန်၊ မူလကန်ပေါင်အမြင့်နှင့် ပုံသဏ္ဍာန်အတိုင်း ဆောင်ရွက်မူ သည့် အလွန်ကောင်းမွန်ကြောင်း ပြည်ပ ပညာရှင်မှတ်ချက်ပြုသဖြင့်  နောင်တူးမည့်ကန်များကိုလည်း ရွှေထီးကန်ကဲ့သို့ ဆယ်ယူမှု အနေအထားဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့ ပါသည်။

၎င်းနောက် ရွှေနန်းရင်တောကန် (၁)၊ (၂)၊ (၃)ကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းလျက်ရှိသည့် ဖိုးသူတော်ကန်နှင့် မြောက်တဝက်ကန်သို့လည်းကောင်း သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ကန်ပေါင်များကို ယခုထက်မြှင့်တင်ခြင်းမပြုဘဲ ရေဝင်လမ်းကြောင်းများကို ကောင်းမွန်အောင်ဆက်လက်ဆောင်ရွက်သွားရန်နှင့် အချောသတ်လုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

၎င်းနောက် ဘုရားအမှတ်-၇၄၈(စူဠာမဏိဘုရား) မိုးကြိုးလွှဲတပ်ဆင်ထားမှုနှင့် နိုင်ငံတော် အကြီးအကဲ လမ်းညွှန်ချက်အရ ဆောင်ရွက်ထားရှိသည့် တောင်ဘက်ဝင်ပေါက် အရှေ့ဘက်အခြမ်း လိုဏ်ပတ်လမ်းရှိ နံရံ‌ဆေးရေးပန်းချီများအား မထိခိုက်စေရန် Tempered Glass မှန်ဖြင့် ကာရံခြင်း လုပ်ငန်း၊ ဘုရားအုတ်ခုံနှင့် အပြင်တံတိုင်းကြား အုတ်ကြမ်းခင်းပတ်လမ်းပြုလုပ်ခြင်း၊ မူလကြမ်းခင်း ပြကွက်အား ဆိုင်းဘုတ်တပ်ဆင်ခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.