သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထား သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ လာအိုနိုင်ငံ၊ လွမ်ပရာဘန်မြို့၌ ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (The 31st Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့ တက်ရောက်ပြီး ၂၆.၃.၂၀၂၄ ရက်နေ့ ညပိုင်း (၁၇ : ၃၀) နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။
အစည်းအဝေး၌ လာအိုနိုင်ငံ၊ အာဆီယံ လူမှု-ယဉ်ကျေးမှုဝန်ကြီးဖြစ်သူ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီး Mrs. Sunanesavanh VIGNAKET က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံ တို့မှ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်အရာရှိကြီး များ၊ လာအိုနိုင်ငံ၊ အာဆီယံ လူမှု- ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ်ဝန်ကြီးဌာန များမှ ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးပထမပိုင်းတွင် အိမ်ရှင်လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ၂၀၂၅ အလွန် အာဆီယံ-လူမှုယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ မဟာဗျူဟာအစီအစဉ်ရေးဆွဲရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ၄၄ ကြိမ်နှင့် ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် မှတ်တမ်း မှတ်ရာ များ၊ အစည်းဝေးအစီရင်ခံစာများ၊ ကြေညာချက်များနှင့် ၃၁ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ မှတ်တမ်းအကျဉ်းချုပ်တို့အား အတည်ပြုနိုင်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေး ဒုတိယပိုင်းတွင် လာအိုနိုင်ငံ၊ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင်၏ ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် မျက်နှာစုံညီအစည်းအဝေး ပြုလုပ်ခဲ့ ကြပြီး ၂၀၂၅ အလွန် အာဆီယံ-လူမှုယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ မဟာဗျူဟာ အစီအစဉ် ရေးဆွဲရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုတို့နှင့်စပ်လျဉ်း၍ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် ဆက်စပ်လုပ်ငန်းအစုအဖွဲ့များ၏ ကြုံတွေ့နေရ သည့် အဓိကဦးတည်ရာများ၊ ကြီးမားသည့် ဦးတည်ရာများ၊ နောင်လာမည့် ၅ နှစ် သို့မဟုတ် ၁၀နှစ် သို့မဟုတ် အနှစ်၂၀ အတွင်း ဆက်စပ်လုပ်ငန်းအစုအဖွဲ့များ ကြုံတွေ့ရမည့် ကိစ္စရပ် များနှင့် ဆက်စပ်လုပ်ငန်းအစုအဖွဲ့များအနေဖြင့် အဆိုပါကိစ္စရပ်များအား ဖြေရှင်းနို်ငရေး အတွက် ပြင်ဆင်ထားရှိမှုများ၊ ဆက်စပ်လုပ်ငန်းအစုအဖွဲ့များအနေဖြင့် သက်ဆိုင်သူများ အထူးသဖြင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ မိတ်ဖက်နှင့် ပြင်ပမိတ်ဖက် အဖွဲ့အစည်းများ ASEAN Centres များနှင့် သီးခြားအဖွဲ့အစည်းများ၊ အခြားဆက်စပ်ပါဝင် သက်ဆိုင်သူများနှင့် အာဆီယံဒေသတွင်း အကျိုးရရှိစေရေးအတွက် ချိတ်ဆက် ဆောင်ရွက်မှု များ၊ ၂၀၂၅ အလွန် အာဆီယံပြည်သူများ၏ ဘဝကောင်းကျိုးချမ်းသာ တိုးတက်စေရေး အတွက် အာဆီယံ၏ လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာအောင် မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်အနေဖြင့် နောင်လာမည့် နှစ်၂၀ အတွင်း မဏ္ဍိုင်၏ အဓိကနယ်ပယ်များဖြစ်သည့် အားလုံးပါဝင်သည့် တက်ကြွကြံ့ခိုင်၍ ရေရှည် တည်တံ့ခိုင်မြဲမည့် အသိုက်အဝန်းနှင့် အာဆီယံ၏ စရိုက်လက္ခဏာများကို မြှင့်တင် ဆောင်ရွက်ရေးတို့အား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျ တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုယဉ်ကျေးမှုဆိုင်ရာ ဦးစားပေး လုပ်ငန်းများကို တက်ရောက်လာကြသည့် အာဆီယံအသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အတူ ကြိုဆိုထောက်ခံပါကြောင်း၊ ယင်းဦးစားပေးလုပ်ငန်းများသည် လက်ရှိအချိန်အခါနှင့် ကိုက်ညီသည့် လုပ်ငန်းစဉ်များဖြစ်ပြီး အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ အောင်မြင်မှု ရရှိရန်အတွက် အာဆီယံဒေသတွင်း၌ ပေါ်ထွက်လာမည့် ကိစ္စရပ်များနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း၊ မြန်မာနိုင်ငံမှ လာအိုနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလအတွင်း ထုတ်ပြန်မည့် ကြေညာချက်များကို ထောက်ခံပါကြောင်း၊ လာအိုနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်ထားရှိသည့် ၄၄ ကြိမ်နှင့် ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်သွင်းမည့် မှတ်တမ်းမှတ်ရာများကိုလည်း အသိအမှတ် ပြုကြိုဆိုပါကြောင်း၊ အဆိုပါမှတ်တမ်းမှတ်ရာများသည် အာဆီယံအလှည့်ကျ သဘာပတိ၏ ခေါင်းစဉ်နှင့်အညီ အာဆီယံ၏ ရင်းနှီးခင်မင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို လေးစားလိုက်နာ ၍ အာဆီယံ၏ အနာဂတ်အတွက် ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုလေးနက်စေမည် ဖြစ်ပါကြောင်း၊ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း အခြေပြမြေပုံပါ မဟာဗျူဟာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အာဆီယံအသိုက်အဝန်း အနေဖြင့် အာဆီယံခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌ ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆက်စပ်လုပ်ငန်းအစုအဖွဲ့များ၏ ကဏ္ဍသည် အလွန်အရေးပါပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ HLTF-ACV ၏ အကြံပြုချက် နောက်ဆက်တွဲဖြစ်သည့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅၏ မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်း တည်ဆောက်ရာ၌ အာဆီယံတွင် လက်ရှိနှင့် နောင်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုအသစ်များနှင့် အခြားကိစ္စရပ်များကို လိုက်လျောညီထွေစွာ ဆောင်ရွက်ရာ၌ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅၏ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အပြုသဘောဆောင်သည့် ဆွေးနွေးချက်များကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ၏ အချက်အခြာကျမှုကို တန်ဖိုးထားထိန်းသိမ်း၍ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်း၍ ကြွယ်ဝပြည့်စုံသည့် အာဆီယံအသိုက်အဝန်း တည်ဆောက်နိုင်ရေး ရည်ရွယ်ချက်ကို သဘောပေါက်နားလည်ပြီး မြန်မာနိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် လုပ်ဖော်ကိုင်ဖက် အာဆီယံအဖွဲ့ဝင်များနှင့်အတူ စည်းစည်းလုံးလုံး ရှေ့ဆက် ဆောင်ရွက်သွားမည်ကို သိရှိစေရေး ဖော်ပြလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါ သည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီ အဆင့်မြင့်အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
ယင်းအစည်းအဝေးသည် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ချိတ်ဆက်ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာစေရေး၊ အာဆီယံဒေသတွင်းရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အပြုအမူဆိုင်ရာ ပြောင်းလဲမှုအခန်းကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေး၊ အနာဂတ်ကာလတွင် အာဆီယံဒေသတွင်း ကျန်းမာရေးကဏ္ဍ၌ အသစ်ကြုံတွေ့ရမည့် ကိစ္စရပ်များအတွက် ကြံ့ခိုင်မှုရှိသည့် ဖွံ့ဖြိုးတိုးတက်မှု အသွင်ကူးပြောင်းရေး၊ အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ နှင့်စပ်လျဉ်း၍ မဟာဗျူဟာလုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၃၁ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီအစည်းအဝေးနှင့်အတူ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ADME (ASEAN Database for Monitoring and Evaluation System) စတင်ဖွင့်လှစ်သည့် အခမ်းအနားနှင့် ညနေပိုင်းတွင် ပြုလုပ်သည့် ၃၁ ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးအထိမ်း အမှတ်အဖြစ် လာအိုနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး လာအိုရိုးရာ ယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ လွမ်ပရာဘန်မြိုသို့ ရောက်ရှိနေစဉ်ကာလအတွင်း ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဆွမ်းလောင်းလှူပွဲ၊ Xieng Thong Temple လွမ်ပရာဘန်မြို့အမျိုးသားပြတိုက်နှင့် Tat Kuang Si ရေတံခွန် များသို့ သွားရောက် လေ့လာခဲ့ကြပါသည်။