သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ရှင်လောင်းလှည့်လည်ပွဲအခမ်းအနားကို ၂၀-၄-၂၀၂၄ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်ကို လက်ယာရစ် လှည့်လည်ပူဇော်၍ စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်းရှိ ဂေါတမမြတ်စွာဘုရားရှင် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရှိခိုးကန်တော့ကြကာ ရင်ပြင်တော်ရှိ အောင်မြေဌာန၌ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြပြီး မေတ္တာပို့အမျှဝေကြသည်။
ထို့နောက် ဒုလ္လဘရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများ၊ သီလရှင်လောင်းများနှင့် ဧည့်ပရိသတ်တို့သည် မဟာဝိဇိတာရုံသာသနာ့ဝန်ဆောင်ကျောင်းတိုက် မဟာနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဒုလ္လဘရဟန်းလောင်း ၃၉ ပါးတို့အား မဟာဝိဇိတာရုံသာသနာ့ဝန်ဆောင်ကျောင်းတိုက် မဟာနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရထံ သံဃာ့ကိစ္စများဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်း ဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါရွတ်ဖတ် ဥပသမ္ပဒကံဆောင်ခြင်းတို့ကို ဆောင်ရွက်ကြ၍ ရဟန်း၊ သာမဏေများအဖြစ်သို့ သာသနာ့အမွေခံယူကြသည်။
ယင်းနောက် သီလရှင်လောင်း ၃၆ ပါးတို့အား လယ်ဝေးမြို့ ပုဏ္ဏမီဂုဏ်ဝေသီလရှင်စာသင်တိုက် ဆရာကြီး ဒေါ်ဇေယျသိင်္ဂီအမှူးပြုသော သီလရှင်ဆရာကြီးများက ကေသစ္ဆေဒနမင်္ဂလာ စုပေါင်း ဆံချခြင်းကို ဆောင်ရွက်ကြပြီး သာသနာ့နွယ်ဝင်သီလရှင်အဖြစ် သာသနာ့အမွေခံယူကြသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့်ဇနီး ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များက မဟာဝိဇိတာရုံသာသနာ့ဝန်ဆောင် ကျောင်းတိုက် မဟာနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဥပဇ္ဈာယ်နှင့်ကာရက ဆရာတော် ၁၂ ပါးနှင့် ဒုလ္လဘရဟန်း ၄၂ ပါးတို့ကို သိမ်ဆင်းလောင်းလှူ ပူဇော်ကြသည်။
၂၁-၄-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မဟာဝိဇိတာရုံသာသနာ့ဝန်ဆောင်ကျောင်းတိုက် မဟာနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော် ၁၂ ပါး တို့က ဒုလ္လဘရဟန်းအဖြစ်ခံယူကြမည့် ရဟန်းလောင်း ၃ ပါး၊ ရှင်သာမဏေလောင်း ၁၁ ပါးတို့အား ဆံချခြင်းနှင့် ရှင်ပြုပေးခြင်း၊ ရဟန်းခံခြင်းဆိုင်ရာ ဆောင်ရွက်ဖွယ်ရာ သံဃာ့ကိစ္စများဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်းဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါရွတ်ဖတ် ဥပသမ္ပဒကံဆောင်ခြင်းတို့ကို ဆောင်ရွက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။
ထို့နောက် အလှူတော်မင်္ဂလာ တရားတော်နာ ရေစက်ချအခမ်းအနားကို မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင်ကျောင်းတိုက်ရှိ ဓမ္မဝိဇိတဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်ပရိသတ်များက မဟာစည်သာသနာ့ရိပ်သာ ပဓာနနာယကဆရာတော် ကမ္မဌာနာ စရိယ ဘဒ္ဒန္တအာစိဏ္ဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်အား နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း ဖော်ပြအပ်ပါသည်။