သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားမှုအခြေအနေနှင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုအခြေအနေ လှည့်လည်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာလ ၃၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ  လိုက်ပါလျက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု အခြေအနေနှင့် (၁၁.၉.၂၀၂၄) ရက်နေ့မှ (၁၂.၉.၂၀၂၄) ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ သဖြင့်  ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဂံကမ္ဘာ့အမွေအနှစ်‌ဒေသအတွင်း သန့်ရှင်းသာယာလှပစေရေး အတွက် ဧရိယာအလိုက် ဆောင်ရွက်လျက်ရှိသော ဧရိယာ- C အတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း ၊ ကန္တာရပင်မှ သစ်ငုတ်များ တူးထုတ်ခြင်း လုပ်ငန်းများကို လူအင်အား ၊ စက်ယန္တရားငယ်များဖြင့် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုူ စစ်ဆေးခဲ့ရာ တာဝန်ရှိသူက ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသတစ်ခုဖြစ်သည့်အတွက် အမြဲသန့်ရှင်းသပ်ရပ်မှု ရှိစေရန်   နှစ်ပတ်လည်ပုံမှန်ဆောင်ရွက်မည့် စီမံချက်ရေးဆွဲပြီး ဧရိယာ (၁၁)ပိုင်း သတ်မှတ်၍ ဦးစားပေး အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြရာ ရှေး‌ဟောင်း အဆောက်အအုံ များ၏ဝန်းကျင်တွင် သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ် ကြည့်ရှုစစ်ဆေး ဆောင်ရွက်ရန်၊ သန့်ရှင်းရေးဆောင်ရွက်ရာတွင် ရှေးဟောင်းအဆောက်အအုံများ အနီး စက်ယန္တရား အသုံးမပြုဘဲ လူအင်အားဖြင့်သာဆောင်ရွက်ရန်၊ ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့် လုပ်သားများဘေးအန္တရာယ် ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်၊ ယဉ်ကျေးမှုအမွေ အနှစ်ဒေသ အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ဒေသခံများ နှင့်ပူးပေါင်း၍ အလေးထားဆောင်ရွက်ရန် မှာကြားပါသည်။

          ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်  ထိခိုက် ပျက်စီးခဲ့သည့်   ရှေးဟောင်းအဆောက်အအုံအမှတ်-၁၈၁၂ (ထီးလိုမင်းလိုဘုရား) မြောက်ဘက် မဟာရံတံတိုင်းချင်မိတ်တိုးနှင့် အရှေ့ဘက်အာရုံခံတောင်ဘက် မုခ်ကပ် အနည်းငယ် ပဲ့ကျခြင်း၊ ရှေး‌ဟောင်းအဆောက်အအုံအမှတ်-၁၀၄၂ (ဆင်ကအုတ်တိုက်) တောင်ဘက် နံရံနှင့် ပေါင်းကူး အမိုးပြိုကျမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ထိန်းသိမ်း ရာတွင် ပုဂံခေတ် ကတည်းက တည်ရှိခဲ့သည့်  တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအ‌ဆောက် အအုံ များဖြစ်သဖြင့် ဘုရားပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းကို ရှေးဟောင်းလက်ရာ၊ ရှေးမူ မပျက်ပြုပြင် ထိန်းသိမ်းမှု ဆောင်ရွက်ရေး၊ ရှေးဟောင်းအမွေ အနှစ်လက်ရာများ ထိခိုက်မှု မရှိစေရေး နှင့်  ရေရှည် ကြံ့ခိုင်စေရေးတို့ကို အလေးထားဆောင်ရွက်သွားရန်  မှာကြားပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံအမှတ် – ၁၁၉၂ (နဂါးရုံဘုရား)   အနောက်ဘက် တံတိုင်း အောက်ခြေခုံ  ပဲ့ကျခြင်း နှင့်  ရှေးဟောင်းအဆောက် အအုံအမှတ် – ၁၆၇ (ဓမ္မစေတီ)၏ ပစ္စယာအောက်ပိုင်းပဲ့ကျခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိ သူများက ပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြုပြင်ထိန်းသိမ်းရာတွင် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း  Guideline များ နှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။