သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည့် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီး အထွေထွေပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ဘက်စုံလွှမ်းခြုံသော အစီအစဉ်(Master Plan)ရေးဆွဲနိုင်ရေး တတိယ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ဘက်စုံလွှမ်းခြုံသောလုပ်ငန်းအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး တတိယအကြိမ် အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင် သာယာရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ အဆောက်အဦဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ ပုဂံဒေသသို့ လာရောက်ခဲ့သည့် ခရီးစဉ်များတွင် ရွှေစည်းခုံစေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan)အား အမြန်ပြီးစီးအောင် ရေးဆွဲနိုင်ရေး လမ်းညွှန်ချက်အား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီးသည် ရှေးဟောင်း လက်ရာကျန်ရှိမှုအဆင့် Grade I အဆင့်ဖြစ်ပြီး စေတီတော်ပရိဝုဏ်အတွင်းတွင် ပုဂံခေတ်ကာလကတည်းက ဘုရား၊ စေတီ များ၊ ကျောက်စာ အထောက်အထားများအပြင် ပုဂံခေတ်နောက်ပိုင်းကာလမှ ခေတ်အဆက်ဆက် လှူဒါန်းထားသည့် ခေါင်းလောင်းများ၊ ကျောက်သပိတ်များကို ယနေ့တိုင်တွေ့မြင်နိုင်ပါကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီးအား မည်သည့်နေရာမှကြည့်ကြည့် မြင်ကွင်းတင့်တယ်သပ္ပာယ်စေရေး၊ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော်ရာတွင် အဆင်ပြေစေရေးအတွက် ဘက်စုံပြုပြင်ထိန်းသိမ်း ခြင်း အစီအစဉ်(Master Plan)ရေးဆွဲ ဆောင်ရွက်သွားရန်၊ နိုင်ငံတော် အကြီးအကဲက လမ်းညွှန်ခဲ့ ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲသည် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်နိုင် ရေးသာမက သတ်မှတ်ချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှုပြုခဲ့သည်နှင့်အညီ မိမိတို့ ဝန်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီး ဘက်စုံပြုပြင်ထိန်းသိမ်း ခြင်းအစီအစဉ် (Master Plan) အစည်းအဝေးကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့များ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ ဌာနအသီးသီးမှ ပညာရှင်များ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ၊ ဂေါပကအဖွဲ့များဖြင့် ပြုလုပ်ခဲ့ပြီး Master Plan အောင်မြင်စွာရေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်မည့် အချိန်ဇယား( Time Frame )၊ Master Plan ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြုကော်မတီများလည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ Master Plan ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်၍ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ ဌာနအသီးသီးမှ ပညာရှင်များ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီဝင်များ၊ ဂေါပကအဖွဲ့များဖြင့် Master Plan ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့သည်ကို သိရှိရပါကြောင်း၊ ကဏ္ဍအလိုက် အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍ ကွင်းဆင်းလေ့လာခြင်း၊ ကဏ္ဍအလိုက် အဖွဲ့လိုက် ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အဆိုပါလုပ်ငန်းအဖွဲ့(၄)ဖွဲ့သည် Master Planအတွက် လိုအပ်သည့် Data အချက်အလက်၊ မြေပုံ၊ ဆွဲပုံ၊ ကျောက်စာ၊ ခေါင်းလောင်းစာ၊ မှတ်တမ်းများစုဆောင်း ကောက်ယူခြင်းအပြင် စေတီတော်ပရိဝုဏ်နှင့် ဝတ္တကနယ်မြေများဆိုင်ရာ အထောက်အထားများကို ရှာဖွေစုဆောင်းပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ ကွင်းဆင်းဆောင်ရွက် နေမှုအခြေအနေများကို ယခုအစည်းအဝေးတွင်တင်ပြသွားကြရန်ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသော ဗိသုကာပညာရှင်၊ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များနှင့် တာဝန်ရှိ သူများအနေဖြင့် Master Plan ရေးဆွဲနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီးသည် ထေရဝါဒဗုဒ္ဓသာသနာတော် ပုဂံတွင် ထွန်းကားပြန့်ပွားဆောင်ရွက်တော်မူခဲ့သော ရှင်အရဟံ၊ အနော်ရထာမင်းကြီး၊ ကျန်စစ်သားမင်းကြီး တို့၏ ကောင်းမှုကုသိုလ်ဖြစ်ပြီး အနော်ရထာမင်းကြီးက ကောဇာသက္ကရာဇ် ၄၂၁ ခုနှစ်၊ တပို့တွဲ လဆန်း (၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး မပြီးပြတ်ခဲ့သောစေတီတော် ကြီးကို ကျန်စစ်သားမင်းကြီးလက်ထက် ကောဇာသက္ကရာဇ် ၄၅၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင် ပြီးစီးခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရပါကြောင်း၊ ရှင်အရဟံ၏ဦးဆောင် လမ်းပြမှု၊ ရှေးမင်းကောင်းမင်းမြတ်တို့က ဗုဒ္ဓဘာသာဝင်ရဟန်း၊ ရှင်၊ လူများ ခေတ်အဆက်ဆက် ကိုးကွယ်နိုင်ခြင်းအလို့ငှာ ရွှေစည်းခုံစေတီတော်ကြီးကို တည်ထားခဲ့ရာ နှစ်ပေါင်းရာထောင်မက တည်တံ့ခိုင်မြဲစေရေးအတွက် ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်မှုမရှိစေဘဲ မိမိတို့ကျွမ်းကျင် သော အတတ်ပညာ၊ အသိပညာတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်မှုများကို မိမိတို့၏ ကုသိုလ်စိတ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရွှေစည်းခုံစေတီတော်ကြီး၏ Master Plan ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မတိုင်မီရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Master Plan ရေးဆွဲရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက Master Plan ရေးဆွဲရေးလုပ်ငန်းကော်မတီ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မန္တလေးမြို့၊ ကုသိုလ်တော်ဘုရား ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများနှင့်နှိုင်းယှဉ်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံဗိသုကာကောင်စီ ဥက္ကဋ္ဌက Master Plan ရေးဆွဲရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်သင့်သော အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် (Master Plan) ရေးဆွဲရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအဖွဲ့(၄)ဖွဲ့က ဆောင်ရွက်ထားမှုအခြေအနေတို့ကို အဖွဲ့လိုက် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုထက်ပိုမို၍ ရွှေစည်းခုံစေတီတော်ပြုပြင်ထိန်းသိမ်းရေး ဘက်စုံစီမံခန့်ခွဲမှုအစီအစဉ်(Master Plan)ရေးဆွဲနိုင်ရေးအား အသေးစိတ်ဆက်လက်ဆွေးနွေးနိုင်ရေး အတွက် ဦးဆောင်ကော်မတီ၊ Master Plan ရေးဆွဲရေးကော်မတီ၊ အထောက်အကူပြုကော်မတီ၊ ဖွဲ့စည်းထားသည့်လုပ်ငန်းအဖွဲ့များ၊ ဆက်စပ်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် အစည်းအဝေး ထပ်မံဆောင်ရွက်သွာမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ဆွေးနွေးချက်များအား သက်ဆိုင်ရာ ကော်မတီများ၊ အဖွဲ့အစည်းများအနေဖြင့် ပြန်လည်မျှဝေပေးရန်လိုအပ်ပါကြောင်း၊ လိုအပ်သည်များကို အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း၍ အသိဖလှယ်ထားမှသာ ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်တိုးတက်မှုအခြေအနေများကို Time Frame နှင့်အညီ စီမံ ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး အစည်းအဝေးကို ၁၂:၄၅ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။