သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်ဦး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ၂၅ရက်နေ့ ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင် လူငယ်အားကစားလေ့ကျင့်ရေးကွင်း(မန္တလေး)သို့ရောက်ရှိကြပြီးစခန်းသွင်း လေ့ကျင့် လျက်ရှိသည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်းနှင့် ဘောလုံးအသင်းများကို တွေ့ဆုံအားပေးအမှာစကားပြောကြားရာ၌ ဆန္ဒ၊ ဝိရိယ၊ စိတ္တ၊ ပညာ (၄)ရပ်သော ခွန်အားကြီးမားသူသည် မည်သည့်လုပ်ငန်းကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ အောင်မြင်မည်သာဖြစ်ကြောင်း၊ ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ အနေဖြင့် ထိုလေးရပ်နှင့်ပြည်စုံစေရန်နှင့် မိမိတို့တာဝန်ကျရာ နေရာတွင်အကောင်းဆုံး အားကစားစိတ်ဓာတ်ဖြင့် အနိုင်မခံအရှုံးမပေးပဲယှဉ်ပြိုင် သွားကြရမည်ဖြစ်ကြောင်း၊ ခြင်္သေ့မင်း၏ထုံးကိုနှလုံးမူ၍ အောင်စိတ်ထားကာ စိတ်ဆန္ဒပြင်းပြစွာဖြင့် ကြိုးစားယှဉ်ပြိုင်ခြင်း၊ သင်ကြားလေ့ကျင့်လျက်ရှိသည့် အားကစားနည်းစနစ်ကို အပြည့်အဝအသုံးချ၍ယှဉ်ပြိုင်ခြင်း၊ စခန်းသွင်းလေ့ကျင့် နေသည့် ကာလတွင်လည်း ဝိရိယကောင်းရှိစွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ထားကာ ကြိုးစားသွားကြရန် လိုအပ် ကြောင်း မှာကြား၍ ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကာ ခြေစမ်းပွဲယှဉ်ပြိုင်လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်ပဉ္စမအကြိမ်၊ အမျိုးသားအားကစား ပွဲတော်တွင် အမျိုးသားဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဖူဆယ်၊ ပြေးခုန်ပစ်နှင့် ဂေါက်သီးရိုက်အားကစားနည်း(၆)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။