ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားအစီအစဉ်တွင် ဖျော်ဖြေတင်ဆက်မည့် အကအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်၊ ရန်ကုန်၊နိုဝင်ဘာ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် လူမှုရေး ဦးတည်ချက် (၃) ရပ်တွင် ပါဝင်သော “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”၊ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌  လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင် နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍအား မြှင့်တင် ဆောင်ရွက်ရေး” ဆိုသည့်ဦးတည်ချက်နှင့်အညီ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနား အစီအစဉ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖျော်ဖြေတင်ဆက်မည့် “ခေတ် ၆ ခေတ်” ယိမ်းအကအစီအစဉ်၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)က တာဝန်ယူဆောင်ရွက်မည့် ကုန်းဘောင်ခေတ်နှင့် အင်းဝခေတ်အကများကို မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ခမ်းနားလှပစွာ တင်ဆက်ဖျော်ဖြေနိုင်ရေးအတွက် သဘင်ပညာဌာနမှ ဆရာမများ ကြီးကြပ်၍ ကျောင်းသူ (၁၀၀) ဦးနှင့် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။