နောက်ခံသမိုင်းကြောင်းအကျဉ်းနှင့် တည်နေရာ
၁၉၅၃ ခုနှစ်တွင် မန္တလေးမြို့၌ နိုင်ငံတော် အနုပညာပန်တျာနှင့် ပြဇာတ်ကျောင်းကြီးအား မန္တလေးမြို့ရှိ ပန်းချီပန်းပု အနုပညာရှင်ကြီးများ၊ အဆို၊ အက၊ အတီး ပညာရှင်ကြီးများမှ အထက်မြန်မာပြည် မန္တလေးမြို့တွင် တည်ရှိပေါ်ထွန်းလာစေရန် တိုင်ပင်နှီးနှော၍ “အနုပညာနှင့်ပြဇာတ်ကျောင်း” ဟူ၍ စတင်ဖွဲ့စည်း တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်း၏ တည်နေရာမှာ ၃၄ x ၃၅ လမ်းကြား၊ ၈၃ လမ်းပေါ်တွင် တည်ရှိပြီး ပေ(၁၀၀)ပတ်လည်ခန့်ကျယ်ဝန်းသော နှစ်ထပ်ဆောင် (လေသာဆောင်)ပါ အဆောက်အဦဖြစ်ပြီး ကျောင်းအုပ်ကြီး အဖြစ် ဦးစိန်ညွန့် က ဆောင်ရွက်ခဲ့ပါသည်။ ပန်တျာကျောင်း နှင့်ပန်းချီပန်းပုကျောင်းကို ကျောင်းအုပ်(၁)ဦးတည်းမှ စီမံအုပ်ချုပ်ခဲ့သော်လည်း ၁၉၉၃-၁၉၉၄ ခု ဘဏ္ဍာရေးနှစ်မှစ၍ ပန်တျာကျောင်းအုပ်(၁) ဦးနှင့် ပန်းချီပန်းပု ကျောင်းအုပ်(၁)ဦး စီခွဲကာ သီးခြားအုပ်ချုပ်ခဲ့ပါသည်။ ၁.၈.၂၀၁၀ ရက်နေ့မှစ၍ အနုပညာဦးစီးဌာန ဖွဲ့စည်းပုံအသစ်အရ အနုပညာအထက်တန်းကျောင်း အဖြစ်ပြောင်းလဲဖွဲ့စည်း၍ ပန်တျာဌာန၊ ပန်းချီ ပန်းပုဌာနနှင့် စာပေဌာနတို့ပါဝင်ပြီး ဌာနစုအားလုံးကို လက်ထောက်ညွှန်ကြားရေးမှူး (လေ့ကျင့်ရေး) ၏ ဦးဆောင်မှုဖြင့် လေ့ကျင့်ရေး နှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး က ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိပါသည်။
အနုပညာအထက်တန်းကျောင်း(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊ နန်းရှေ့၊ ၂၀ x ၂၂ ကြား၊ ၆၆ လမ်းပေါ်တွင် တည်ရှိပြီး ၆.၄၅ ဧက ကျယ်ဝန်းပါသည်။