မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် ပုဂံမြို့တို့တွင် “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်း ဖွင့်လှစ်

နေပြည်တော် ဖေ ၄

              အနာဂတ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား စာဖတ်ခြင်း အလေ့အထရရှိစေရန် ပျိုးထောင်ပေးခြင်းအနေဖြင့်  အာဆီယံ-ကိုရီးယား၏ “အတူတူ စာဖတ်ကြစို့” စီမံကိန်းအရ “စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယား စာအတူဖတ်စို့လား” အစီအစဉ် အတွက် “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းကို သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့် တိုက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူး များက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ၂၁-၁-၂၀၂၀ ရက်နေ့မှ ၂၂-၁- ၂၀၂၀ ရက်နေ့ အထိလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ၂၅-၁-၂၀၂၀ ရက်နေ့မှ ၂၇-၁-၂၀၂၀ ရက်နေ့အထိ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့တွင် ၂၉-၁-၂၀၂၀ ရက်နေ့မှ ၃၁-၁-၂၀၂၀ ရက်နေ့အထိ လည်းကောင်း သွားရောက်ဖွင့်လှစ်ခဲ့သည်။

              သင်တန်း ပထမနေ့များတွင် Intensity စာကြည့်တိုက်မှ ဦးအောင်သန်းထွဋ်က စာဖတ် နည်းများနှင့်ပတ်သက်၍ လည်းကောင်း၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက် လက်ထောက် – ၂ ဒေါ်ရတနာဦးက အသံထွက်၍စာဖတ်ပြရာတွင် လိုက်နာရမည့် စည်းကမ်းများ နှင့် နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး၊ အမျိုးသားစာကြည့်တိုက် (နေပြည် တော်)မှ စာကြည့်တိုက်မှူးများက အသံထွက်၍စာဖတ်ပြခြင်းများကို လက်တွေ့ဆောင်ရွက်ပြခဲ့သည်။

              သင်တန်း ဒုတိယနေ့များတွင် သင်တန်းသား၊ သင်တန်းသူများအချင်းချင်း အသံ ထွက်၍ စာဖတ်ပြခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး၊ သင်တန်း တတိယနေ့များတွင် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား အသံထွက်၍ စာဖတ်ပြခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

              သင်တန်းသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနခွဲများမှ အရာထမ်း၊ အမှုထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းစာကြည့်တိုက် တာဝန်ခံများ၊ ပညာရေးကောလိပ်များမှ ဆရာ၊ ဆရာမများ၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များမှ စာကြည့် တိုက်မှူးများတက်ရောက်ခဲ့ကြသည်။

              ဆက်လက်၍ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများက “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်  ၅-၂-၂၀၂၀ ရက်နေ့မှ ၇-၂-၂၀၂၀ရက်နေ့အထိ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၁၅-၂-၂၀၂၀ ရက်နေ့မှ ၁၇-၂-၂၀၂၀ ရက်နေ့အထိလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တွင် ၁၉-၂-၂၀၂၀ ရက်နေ့မှ ၂၁-၂-၂၀၂၀ ရက်နေ့အထိလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၆-၂-၂၀၂၀ ရက်နေ့မှ ၂၈-၂-၂၀၂၀ ရက်နေ့အထိလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့တွင် ၂၄-၂-၂၀၂၀ ရက်နေ့မှ ၂၆-၂-၂၀၂၀ ရက်နေ့အထိလည်းကောင်း သွားရောက်ဖွင့်လှစ်ပေးမည်ဖြစ်သည်။