ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တို့တွင် “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းဖွင့်လှစ်

နေပြည်တော်    ဖေဖော်ဝါရီ  ၇   

              အနာဂတ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား စာဖတ်ခြင်း အလေ့အထရရှိစေရန် ပျိုးထောင်ပေးခြင်းအနေဖြင့်  အာဆီယံ-ကိုရီးယား၏ “အတူတူ စာဖတ်ကြစို့” စီမံကိန်းအရ “စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယား စာအတူဖတ်စို့လား” အစီအစဉ် အတွက် “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းကို သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၅-၂-၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီမှစ၍ ဖွင့်လှစ်ခဲ့ရာ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ နှင့်ကျောင်းစာကြည့်တိုက် တာဝန်ခံများ စုစုပေါင်း(၃၀)ဦးတက်ရောက်လျက်ရှိသည်။

              သင်တန်း ပထမနေ့တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ ဦးစီးအရာရှိ  ဒေါ်ရွှေနွယ်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ စာဖတ်နည်းများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  ဦးငြိမ်းပိုင်က အသံထွက်၍ စာဖတ်ပြရာတွင် လိုက်နာရမည့် စည်းကမ်းများနှင့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး  အသံထွက်၍စာဖတ်ပြခြင်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့သည်။

              အဆိုပါသင်တန်းကို ၅-၂-၂၀၂၀ ရက်နေ့မှ ၇-၂-၂၀၂၀ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ သင်တန်း ဒုတိယနေ့တွင် သင်တန်းသား၊ သင်တန်းသူများ အချင်းချင်း အသံထွက်၍ စာဖတ်ပြခြင်းများကိုလည်းကောင်း၊ သင်တန်း တတိယနေ့တွင် အခြေခံပညာ ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများအား အသံထွက်၍ စာဖတ်ပြခြင်းများကိုလည်းကောင်း လက်တွေ့ဆောင်ရွက်ပေးကြမည်ဖြစ်သည်။             

              ထို့အပြင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများက “အသံ ထွက်၍ စာဖတ်ပြခြင်း” သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၁၅-၂-၂၀၂၀ ရက် နေ့မှ ၁၇-၂-၂၀၂၀ ရက်နေ့အထိလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၁၉-၂-၂၀၂၀ ရက်နေ့မှ ၂၁-၂-၂၀၂၀ ရက်နေ့အထိလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၆-၂-၂၀၂၀ ရက်နေ့မှ ၂၈-၂-၂၀၂၀ ရက်နေ့အထိလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၄-၂-၂၀၂၀ ရက်နေ့မှ ၂၆-၂-၂၀၂၀ ရက်နေ့အထိလည်းကောင်း သွားရောက် ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။