ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ အသံထွက်၍ စာဖတ်ပြခြင်းသင်တန်း ဖွင့်လှစ်ခြင်း

          သမိုင်းသု​တေသနနှင့် အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည် တော်) က ကြီးမှူး၍ ‘အာဆီယံ-ကိုရီးယား၏ အတူတူစာဖတ်ကြစို့စီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ -ကိုရီယား စာအတူဖတ်စို့လား၊ အသံထွက်၍ စာဖတ်ပြခြင်းသင်တန်း’ ပထမနေ့ကို (၂၄.၂.၂၀၂၀) ရက်နေ့တွင် ကယားပြည်‌နယ်၊ လွိုင်ကော်မြို့၊ ယဉ်ကျေးမှုပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန (လွိုင်​ကော်ဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှုး ဉီးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားစာကြည့်တိုက်(နေပြည်တော်) စာကြည့်တိုက်မှူးများက သင်တန်းနှင့် ပတ်သက်၍ အသံထွက်၍ စာဖတ်နည်းများကိုလည်းကောင်း၊ အသံထွက်၍ စာဖတ်ပြရာတွင် ဆောင်ရန် ရှောင်ရန် နည်းလမ်းများနှင့် လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး အသံထွက်၍ စာဖတ်ပြခြင်းများကို လက်တွေ့ဆောင်ရွက်ပြသခဲ့သည်။

          လွိုင်ကော်မြို့ရှိ အသံထွက်၍စာဖတ်ပြခြင်းသင်တန်းသို့ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၆၅)​ ဦး တက်ရောက်လျက်ရှိပြီး အဆိုပါသင်တန်းကို (၂၄.၂.၂၀၂၀) မှ (၂၆.၂.၂၀၂၀) ရက်နေ့အထိ (၃)ရက်ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။

          ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းတွင် နေပြည်တော်၊ ချင်းပြည်နယ်နှင့်ကရင်ပြည်နယ် တို့တွင် လည်းကောင်း၊ ဧပြီလအတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင်လည်းကောင်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။