ရှေးဟောင်းဝတ္ထုပစ္စည်းများအပ်နှံခြင်းနှင့် လှူဒါန်းခြင်းတို့အတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်တည်တံ့စေရေး ထိန်းသိမ်းခြင်း၊ ရှာဖွေဖော်ထုတ်ခြင်းစသည့် လုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများကိုလည်း တူးဖော်သုတေသနပြုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမှ တွေ့ရှိထိန်းသိမ်းခြင်း၊ လာရောက်လှူဒါန်းမှုများမှ စုဆောင်းထိန်းသိမ်းကာ အမျိုးသားပြတိုက်များ၊ ရှေးဟောင်းသုတေသနပြတိုက်များတွင် ထိန်းသိမ်းပြသခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မိုင်းမောကျေးရွာအုပ်စု၊ အုတ်နှဲဘုတ်ကျေးရွာနေ  ဦးမြင့်ထွန်းမှ ရွှေဆွဲသီး(၁)ခု(မူလပုံသဏ္ဌာန်ပျက်ယွင်း)ကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တ‌လေးဌာနခွဲသို့အပ်နှံခဲ့ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ အာမခံအုပ်စု၊ ဩဂကျေးရွာနေ ဦးဝင်းဇော်က ကျောက်လက်နက်များ၊ ကျောက်ပုတီး စေ့များ၊ ကြေးထည်ပစ္စည်းများ၊ သံလက်နက်များ၊ မြေထည်ပစ္စည်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲ၊ ဟန်လင်းဌာနစုသို့ အပ်နှံခဲ့ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊  ကဝမြို့နယ်၊ ဖလေးကျေးရွာနေ ဦးသန်းရွှေ+ ဒေါ်နွဲ့နွဲ့စန်းတို့က ဟင်္သာအလေး (၂)ခု၊ တိုးနယားအလေး (၇)ခုနှင့် ကဝမြို့နယ်၊ ပေါက်ကုန်းကျေးရွာနေ ဦးစန်းမောင်က တိုးနယား အလေး(၁)ခုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပဲခူးဌာနခွဲသို့ လာရောက် အပ်နှံခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်း၊ အိမ်အမှတ်(၂၅၉)နေ ဒေါ်သီတာဝင်းက နားဋောင်း(၁)ရံကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နေပြည်တော်သို့ လာရောက်အပ်နှံခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၆၅)ရပ်ကွက်၊ သရက်မြိုင်(၁)လမ်း၊ အိမ်အမှတ်(၄၃၄-ခ)နေ ဦးထွန်းလင်းက တိုးနယားဒင်္ဂါး(၄)ခုနှင့် ဒေါင်းဒင်္ဂါး (၁)ခု၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၊ သဝန်းတောကျေးရွာနေ ဦးချစ်ရွှေ+ဒေါ်စန်းမြင့်တို့ ကြေးဗုဒ္ဓဆင်းတုတော်(၆)ဆူ၊ ကြေးတံကဲ(၁)ခုတို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲသို့ လာရောက်အပ်နှံခြင်းတို့အတွက် ရှေးဟောင်းဝတ္ထုပစ္စည်းစစ်မှန်ခြင်း ရှိ/မရှိ စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး ဆုကြေးငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ပျူခေတ်ရွှေဆွဲသီး(၁)ခု (မူလပုံသဏ္ဌာန်ပျက်ယွင်း)အပ်နှံခဲ့သူ ဦးမြင့်ထွန်းအား ဆုကြေးငွေ ၂၅၀၇၈၃၇/- (ကျပ် နှစ်ဆယ့်ငါးသိန်း ခုနစ်ထောင် ရှစ်ရာ သုံးဆယ့်ခုနစ် တိတိ)နှင့်် ဂုဏ်ပြုမှတ်တမ်းလွှာကို မန္တလေးဌာနခွဲ၌ (၄-၁၁-၂၀၁၉)ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။  ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ကုန်းဘောင်ခေတ် ပစ္စည်းအပ်နှံခဲ့သူ ဦးဝင်းဇော်အား ဆုကြေးငွေ ၂၂၀၈၆၅၉/-( ကျပ် နှစ်ဆယ့် နှစ်သိန်း ရှစ်ထောင် ခြောက်ရာ ငါးဆယ့်ကိုးတိတိ) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ဟန်လင်းဌာနစု၌ (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် အခမ်းအနားကျင်းပ၍ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

 ဟံသာဝတီခေတ် ဟင်္သာအလေး(၂)ခုနှင့် ရတနာပုံခေတ် (ကုန်းဘောင်ခေတ်နှောင်း) တိုးနယား အလေး (၇)ခုတို့ အပ်နှံသူ ဦးသန်းရွှေ+ ဒေါ်နွဲ့နွဲ့စမ်းအား ဆုကြေးငွေ ၁၀၄၃၂၀/-(ကျပ် တစ်သိန်း လေးထောင် သုံးရာနှစ်ဆယ် တိတိ)နှင့် ရတနာပုံခေတ် (ကုန်းဘောင်ခေတ်နှောင်း) တိုးနယား အလေး(၁)ခုအပ်နှံသူ ဦးစန်းမောင်အား ဆုကြေးငွေ ၁၃၈၂၇/- (ကျပ် တစ်သောင်း သုံးထောင် ရှစ်ရာ နှစ်ဆယ့်ခုနစ် တိတိ)တို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ၌         (၄-၁-၂၀၂၀)ရက်နေ့တွင် အခမ်းအနားကျင်းပ၍ ဆုကြေးငွေများနှင့် ဂုဏ်ပြုတမ်းလွှာများကို ပေးအပ် ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။ ရတနာပုံခေတ်(ကုန်းဘောင်ခေတ်နှောင်း)၊ ရွှေနားဋောင်း(၁)ရံ အပ်နှံသူ ဒေါ်သီတာဝင်းအား ဆုကြေး‌ငွေ ၁၄၁၃၀၀၁/- (ကျပ် တစ်ဆယ့်လေးသိန်း တစ်သောင်းသုံးထောင်    တစ်တိတိ) ရတနာပုံခေတ် (ကုန်းဘောင်ခေတ်နှောင်း) ကြေးတိုးနယား ဒင်္ဂါး(၄)ခုနှင့် ကြေးဒေါင်း ဒင်္ဂါး (၁)ခု အပ်နှံသူ ဦးထွန်းလင်းအား ဆုကြေးငွေ ၆၂၅၀၀/- (ကျပ် ခြောက်သောင်းနှစ်ထောင့်ငါးရာ တိတိ) တို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန် ဌာနခွဲ၌ (၁၆-၁-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ ပထမဟံသာဝတီခေတ်လက်ရာ ကြေးဗုဒ္ဓဆင်းတုတော် (၆)ဆူနှင့် ကြေးတံကဲ (၁)ခုအပ်နှံသူ ဦးချစ်ရွှေ+ဒေါ်စန်းမြင့့်အား ဆုကြေးငွေ ၂၂၅၉၉၃၀/- (ကျပ် နှစ်ဆယ့် နှစ်သိန်း ငါးသောင်း ကိုးထောင်ကိုးရာသုံးဆယ်တိတိ)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၌ (၂၁-၁-၂၀၂၀)ရက်နေ့တွင်လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

              နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် လယ်ဝေးမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ရန်အောင်(၂)လမ်း၊ အိမ်အမှတ်(၂၈၂)နေ ဦးမြင့်ဟန်(တိ-မွေး-ကု ဦးစီးမှူး-ငြိမ်း)တို့က ကုန်းဘောင်ခေတ် ပေစာထုပ်(၁)ထုပ်အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် (နေပြည်တော်)သို့  လှူဒါန်းခဲ့ခြင်းအတွက် ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က (၂၈.၁.၂၀၂၀)ရက်နေ့တွင် လက်ခံခဲ့ပြီး  ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါသည်။

           ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲသို့ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သုခိတာလမ်း၊ အိမ်အမှတ်(၁၉)နေ ဦးထွန်းဝင်းက ဟံသာဝတီခေတ် လက်ရာကြေးဟင်္သာအလေး(၁)ခု၊ ကြေးတိုးနယားအလေး(၂)ခုနှင့် မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ဝါးရင်းချိုင်ကျေးရွာနေ ဦးကြွက်က အင်းဝခေတ်လက်ရာ မြေအိုး(၁)လုံးတို့ကို လာရောက် လှူဒါန်းခဲ့ခြင်းအတွက်လည်းကောင်း၊ မြစ်ကြီးနားမြို့၊ အောင်မော်စံကျောင်းဆရာတော် ဦးအရိယဝံသက သက္ကရာဇ် ၁၉၁၀နှင့် ၁၉၁၇ ဟုပါသော ယိမ်းနွဲ့ပါးဓားတစ်လက်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(နေပြည်တော်)သို့  လှူဒါန်းခဲ့ခြင်း အတွက်လည်းကောင်း   ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း လွှာများကို အလှူရှင်များအား သက်ဆိုင်ရာဌာနခွဲအသီးသီးကပေးအပ်ပေးပြီးဖြစ်ပါသည်။  

             သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှတွေ့ရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း များကို တာဝန်သိသိလာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏ မူလတန်ဖိုးအပြင် အနုစိတ်လက်ရာ တန်ဖိုးနှင့် ရှေးဟောင်းခေတ်ကာလတန်ဖိုးများပါထပ်ဆောင်းလျက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ၍လည်းကောင်း လှူဒါန်းလာရောက်မူများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ၍လည်းကောင်း ယဉ်ကျေးမှုတန်ဖိုးမြင့်မားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စုဆောင်းထိန်းသိမ်း လျက်ရှိကြောင်း သတင်းရရှိသည်။

ပျူခေတ်ရွှေဆွဲသီး(၁)ခု (မူလပုံသဏ္ဌာန်ပျက်ယွင်း) အပ်နှံသူဦးမြင့်ထွန်းအား ဆုကြေးငွေချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်စဉ်
ကုန်းဘောင်ခေတ်ပေစာထုပ်ကို ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်စဉ်