၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဟန်လင်းမြို့ဟောင်း၌တူးဖော် သုတေသနပြု ဆောင်ရွက်ပြီးစီးမှုအခြေအနေ

ပျူမြို့ဟောင်း(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး ၊ သရေခေတ္တရာ မြို့ဟောင်းများအား ၂၀၁၄ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကာတာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် 38th Session of the World Heritage Committee (Doha 2014)၌ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခံရပါသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ် ခံရပြီးနောက် ဟန်လင်းပျူမြို့ဟောင်း၌ တူးဖော်သုတေသန လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် တူးဖော်မှု ကုန်းအမှတ် HL-37 နှင့် HL-38 တို့ကိုလည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တူးဖော်မှု ကုန်းအမှတ် HL-39,40 နှင့် HL-41 တို့ကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တူးဖော်မှု ကုန်းအမှတ် HL-42,43 နှင့် HL-44 တို့ကိုလည်းကောင်း တူးဖော်သုတေ သန ပြုလုပ်ခဲ့ပါသည်။ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်နန်းတော်ရာ အတွင်းရှိ နန်းတော်အဆောက်အဦအစုအဝေး (Palace Complex)ဟု ယူဆရသည့်နေရာနှင့် နန်းမြို့ရိုး၏ အနောက်တောင်ထောင့်နေရာတို့ကို ဖော်ထုတ် နိုင်ရေးအတွက် တူးဖော်သုတေသနပြုလုပ်ရန် HL-45 နှင့် HL-46 တို့ကို လျာထားခဲ့ကြောင်း သိရှိရသည်။

လျာထားနေရာ(၂)ခုအနက် HL-46 အဖြစ် သတ်မှတ်တူးဖော်မည့် လျာထားကုန်းအမှတ်(၂)သည် နန်းမြို့ရိုး၏ အနောက်တောင်ဘက် အပိုင်းဖြစ်ပြီး ဆောင်ရွက်မည့် စမ်းသပ်ကျင်းနေရာများသို့ အကြိမ်ကြိမ် ကွင်းဆင်းစစ်ဆေးကာ GIS Survey လုပ်ငန်းများကို ကနဦးဆောင်ရွက် ခဲ့ပါသည်။ (၅.၃.၂၀၂၀)ရက်နေ့မှ (၁၁.၃.၂၀၂၀)ရက်နေ့အထိ တူးဖော် သုတေသနပြုခဲ့ပြီး တောင်မြောက်သွယ်တန်း နေသည့် အုတ်ရိုးတန်း အစိတ်အပိုင်းတို့ကိုလည်းကောင်း၊ အရှေ့အနောက်သွယ်တန်းနေသည့် အုတ်ရိုးတန်းအစိတ်အပိုင်းနှင့် မြေအိုးခြမ်းကွဲအပိုင်းအစများ၊ ပျူဒင်္ဂါး(၁)ခု၊ မြေဂျင်သီး(၁)ခု၊ တိရစ္ဆာန် အရိုးအပိုင်းအစ တို့ကိုလည်းကောင်း တွေ့ရှိ ခဲ့ပြီး စနစ်တကျ မှတ်တမ်းတင်ခဲ့ပါသည်။ တွေ့ရှိရသော အုတ်ရိုးတန်း အစိတ် အပိုင်းများမှာ နန်းမြို့ရိုး၏ပင်မ အုတ်ရိုးတန်းဖြစ်မည်ဟု သုံးသပ် ရပါကြောင်းနှင့် HL-45 ကိုလည်း ဆက်လက်တူးဖော်သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်း ရရှိပါ သည်။