ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားများပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီးမှုအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို လိုက်လံကြည့်ရှုစစ်ဆေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သာသနာရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ လိုက်ပါလျက်  (၁၂.၁.၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားပုထိုးများ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများဖြစ်သော  မင်္ဂလာစေတီ၊ လောကဥသျှောင်ဘုရား၊ လောကထိပ်ပန်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဘုရားသုံးဆူဘုရား၊ စူဠာမဏိဘုရား၊ နရသီဟပတေ့ဘုရား၊ သမ္ဘူလဘုရား အပါအဝင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားများပြန်လည် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားမှုများနှင့် လုပ်ငန်းပြီးစီးမှုကို လှည့်လည်စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

၂၀၁၆ခုနှစ်၊ သြဂုတ်လ(၂၄)ရက်နေ့ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများအနက် (၃၈၉)ဆူ ထိခိုက်ပျက်စီးခဲ့ပါသည်။ အဆိုပါထိခိုက် ပျက်စီး ခဲ့သည့် စေတီပုထိုးများကို (၄)နှစ်စီမံကိန်းဖြင့်   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက (၃၇၅) ဆူနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက် အဦအထူး အဖွဲ့(၇)က (၁၄)ဆူ  ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဌာနက (၉) နှစ်ကြာ ပြုပြင်ထိန်းသိမ်းလျက်ရှိသည့် ရေရှည် ကြံ့ခိုင်ရေးလုပ်ငန်း ဆောင်ရွက်ရမည့်  သဗ္ဗညုဘုရား (၁) ဆူသာ ကျန်ရှိပြီး ကျန် (၃၈၈) ဆူလုံး  ရာနှုန်းပြည့် ပြုပြင်ပြီးစီးသွားပြီဖြစ်ပါသည်။  ထို့အပြင် ထပ်မံကွင်းဆင်းတွေ့ရှိချက်အရ     ပြုပြင် ထိန်းသိမ်းရန် လိုအပ်သည့် ရှေးဟောင်း ဘုရားစေတီပုထိုး   (၁၁၀) ဆူကိုပါ တစ်ပါတည်း ပြုပြင် ထိန်းသိမ်းမှု ဆောင်ရွက်နိုင်ခဲ့သဖြင့် (၄)နှစ်စီမံကိန်းကာလအတွင်း စုစုပေါင်းစေတီပုထိုး (၄၉၈)ဆူ ပြုပြင်ထိန်းသိမ်း ဆောင်ရွက် နိုင်ခဲ့ပါသည်။

လက်ရှိအစိုးရတာဝန်ယူပြီးကာစ ဖြစ်သည့် ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၂၄)ရက်နေ့ ချောက်မြို့၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာကို ဗဟိုပြု၍  ရစ်ချ်စတာစကေး(၆.၈) ရှိသော  ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံညောင်ဦးဒေသရှိ ရှေးဟောင်းဘုရားစေတီ (၃၈၉) ဆူ၊ ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးရွာရှိ စေတီဘုရား(၉၃) ဆူ၊ ရခိုင်ပြည်နယ်မြောက်ဦးဒေသရှိ စေတီပုထိုးနှင့် ရှေးဟောင်းအဆောက်အအုံ (၆) ဆူ  အပါအဝင် အနယ်နယ်အရပ်ရပ်မှ ရှေးဟောင်းအဆောက်အအုံ (၆၀၀)ကျော် ထိခိုက် ပျက်စီးမှု ရှိခဲ့ပါသည်။ ပုဂံရှိ စေတီပုထိုးများပျက်စီးခဲ့မှု အတွက် ပြည်သူလူထုနှင့် အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများကအလှူရှင်များ၏ လှူဒါန်းငွေကျပ် (၆၇၉၉.၁၁၀) သန်းနှင့် နိုင်ငံခြားငွေမျိုးစုံ (၁၀)မျိုး၊ အမေရိကန် ဒေါ်လာ (၁.၁) သန်းကျော် ရရှိခဲ့ပါသည်။ ထို့အပြင် အသေးစား ထိခိုက် ပျက်စီးခဲ့သော ဘုရားစေတီ (၂၂၄) ဆူကို မူလအလှူရှင်များက ဆွေစဉ်မျိုးဆက် ပြုပြင်လှူဒါန်း လက်စဖြင့် ဆက်လက်ပြုပြင် လှူဒါန်းခဲ့ကြပါသည်။

ဝန်ကြီးဌာနအနေဖြင့် လက်ရှိအစိုးရတာဝန်ယူပြီးကာစတွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို  အစိုးရ၏ပထမသက်တမ်းကာလ အတွင်းတွင်ပင် ရာနှုန်းပြည့် အားလုံး ပြီးစီးအောင် ပြုပြင်ပြီးစီးခဲ့ပြီဖြစ်သဖြင့် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦး ဒေသရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရေးဦးစီး ကော်မတီ၏ အတွင်းရေးမှူးဖြစ်သော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယခု COVID -19 ဖြစ်ပွားနေသောကာလအတွင်းတွင် ပုဂံဒေသသို့ ကွင်းဆင်း သွားရောက်စစ်ဆေးပြီး (၄)နှစ် စီမံကိန်းဖြင့် ငလျင်ဒဏ်ခံစေတီပုထိုးများ ပြုပြင်ဆောင်ရွက်မှုလုပ်ငန်းကို အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ရန်  ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။