သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနအနေဖြင့် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးစရိုက်လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များ၊ ပန်းချီပန်းပု ပညာရပ်များနှင့် တိုင်းရင်းသားများ၏ ဓလေ့ထုံးစံများအား ထိန်းသိမ်းဖော်ထုတ်မြှင့်တင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် အနုပညာမျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အနုပညာမျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန အနုပညာအထက်တန်းကျောင်း(ရန်ကုန်)ကို ၁၉၅၂ ခုနှစ်တွင်လည်းကောင်း၊ အနုပညာ အထက်တန်းကျောင်း(မန္တလေး)ကို ၁၉၅၃ ခုနှစ်တွင်လည်းကောင်း စတင်ဖွင့်လှစ်၍ ပန်တျာသင်တန်း နှင့် ပန်းချီပန်းပုသင်တန်းများကို သင်ကြားပေးလျက်ရှိသည်။
ပန်တျာသင်တန်းတွင် အက(အမျိုးသား၊ အမျိုးသမီး)၊ ဆိုင်း၊ နှဲ၊ တယော၊ စန္ဒရား၊ စောင်းနှင့် ပတ္တလားဘာသာရပ်များကို သင်ကြားပို့ချပြီး မသင်မနေရ ဘာသာရပ်အဖြစ် သင်္ကေတ၊ ကဗျာနှင့် အဆိုပညာရပ်များကို လည်းကောင်း၊ ပန်းချီပန်းပုသင်တန်းတွင် အခြေခံပန်းချီ၊ လုပ်ငန်းပန်းချီ၊ ရသပန်းချီ၊ မြန်မာ့ရိုးရာပန်းချီနှင့် ပန်းပုပညာရပ်များကိုလည်းကောင်း၊ စာပေဘာသာရပ်နှင့်တွဲဖက်ကာ ၃ နှစ်သင်တန်းများအဖြစ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် သင်တန်းများအားလုံး ပြီးဆုံးခဲ့ပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ် သင်တန်းများ စတင်ဖွင့်လှစ်ချိန်တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် အနုပညာအထက်တန်း ကျောင်းများ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော ပထမနှစ်၊ ဒုတိယနှစ် နှင့် တတိယနှစ်သင်တန်းများကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှစ၍ ရပ်နားထားခဲ့ရပါသည်။
ယခုအခါ အဆိုပါ ပန်တျာသင်တန်းနှင့် ပန်းချီပန်းပုသင်တန်းများအား ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။