သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊ စေတီ၊ ပုထိုးများသို့ ကြည့်ရှုဖူးမြော်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့နှင့်အတူ  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ Component III တွင် ရှိသော ယုန်လွှတ်ကျွန်းသို့ ရောက်ရှိရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယုန်လွှတ်ကျွန်း (ပထမနန်းတော်ရာ) သည် တုရင်တောင်၏အရှေ့ဘက် တည်ရှိပြီး သက္ကရာဇ်(၂၉)ခုတွင် သရေခေတ္တရာမှ သုပညာနာဂရဆိန္ဒမင်း၏ တူတော်သမုဒ္ဒရာဇ်သည် ယုန်လွှတ်ကျွန်းအရပ်၌ ရွာကြီး(၁၉)ရွာကို အခြေပြု၍ ပထမနန်းတော်မြို့နေရာအဖြစ် တည်ထောင်ခဲ့ပြီး  မင်းဆက်(၆)ဆက် နှစ်ပေါင်း (၂၃၇)နှစ်ကြာ စိုးစံခဲ့ပါကြောင်း၊ ယုန်လွှတ်ကျွန်းနန်းတော်ရာအား ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်၏ ရန်ပုံငွေဖြင့် (၃)ကြိမ် ဌာနနှင့် ပူးပေါင်း၍လည်းကောင်း၊ စတုတ္ထအကြိမ်တွင် ဌာနရန်ပုံငွေဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုဂံအစယုန်လွှတ်ကျွန်းက ဖြစ်၍ ပုဂံ၏သမိုင်းကြောင်းကို ပြောမည်ဆိုပါက ယုန်လွှတ်ကျွန်းကို ချန်လှပ်၍မရပါကြောင်း၊ ထို့ကြောင့် ယုန်လွှတ်ကျွန်းသည် သမိုင်းကြောင်း တန်ဖိုးကြီးမား၍ မပျက်မယွင်းအောင်ထိန်းသိမ်းစောင့်ရှောက်ရန် နှင့် တူးဖော်သုတေသန လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း လမ်းညွှန်မှာကြားပါသည်။

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနော်ရထာမင်းကောင်းမှု စွယ်တော် လေးဆူအနက်တစ်ဆူအပါအဝင်ဖြစ်သည့် တုရင်တောင်စေတီသို့  ဖူးမြော်ပြီး ပြည်ထောင်စုဝန်ကြီးက တုရင်တောင်စေတီ ဘဏ္ဍာထိန်းဂေါပကအဖွဲ့သို့ ငွေကျပ် သိန်း ၃၀ လှူဒါန်းခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည်  ပုဂံခေတ် က ရေအရင်းအမြစ်ဖြန့်ဝေပေးသည့် မြကန်နှင့် ပုဂံမြို့၏ရှုခင်း အလှကို တုရင်တောင်ပေါ် မှနေ၍ ကြည့်ရှုလေ့လာကြပါသည်။

              တုရင်တောင်ခြေရှိ မြကန်သည် ပုဂံမြို့၏အထက်ပေ ၂၅၀ ခန့်တွင်တည်ရှိပြီး တုရင် တောင်မှကျသောရေ၊ အနီးပတ်ဝန်းကျင်ချောင်းများမှ စီးဆင်းသောရေများကို သိုလှောင်ပြီး ရေစစ် ကန်များဖြစ်သည့် အလံပုဂံ၊ အလယ်ကန်၊ မင်းနန်သူလေးထောင့်ကန်၊ ညောင်လက်ဖက်ကန်၊ ရွှေထီးကန်တို့မှတစ်ဆင့်ကျုံးထဲသို့ ဝင်ရောက်ကြောင်း သုတေသနပြုလေ့လာဖော်ထုတ်ချက်များအရ သိရှိရသဖြင့် အဆိုပါမြကန်မှတစ်ဆင့် ရေသိုလှောင်မှုနှင့် ရေပေးဝေမှုစနစ်အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုကို အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက် (ရန်ကုန်) နှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့တွင် သဲမြေပုံကဲ့သို့ Model ပုံများဖြင့် ခင်းကျင်းပြသရန် လိုကြောင်း၊  မြကန်မှတစ်ဆင့် ပုဂံမြို့သို့ ရေပေးဝေသောစနစ် ဆောင်ရွက်ထားခြင်းသည် ပုဂံခေတ် ရေအသုံးချစီမံခန့်ခွဲမှုစနစ်ကို တွေ့မြင်နိုင်ပါကြောင်း၊ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ရေ ပေးဝေသည့် ရေလမ်းကြောင်းများမှာ ပိတ်ဆို့နေပြီး ယခင်ရေစီးကြောင်းအတွင်း ကောင်းစွာ မစီးဆင်း နိုင်တော့ဘဲ ဘုရား၊ စေတီ၊ ပုထိုးများအနီးတွင် ရေကြီးခြင်း၊ ရေဝပ်ခြင်းစသည့် သဘာဝဘေး အန္တရာယ်များကို ခံစားနေရသည်မှာ ယခုနှစ် မိုးရာသီက မီးမောင်းထိုးပြသနေပါကြောင်း၊ ထို့ကြောင့် ပုဂံခေတ်ကတည်ရှိခဲ့သော ရေလမ်းကြောင်းများ မြေမျက်နှာသွင်ပြင်ရှုခင်းများသည် ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေးကို ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသခံ များနှင့် လက်တွဲညီညီပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ ဥပဒေ၊ စည်းမျည်း၊ စည်းကမ်းများနှင့်အညီ စနစ် တကျ စီမံခန့်ခွဲရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ပြီး ပုဂံဧည့်ရိပ်သာသို့ ပြန်လည်ထွက်ခွာ ခဲ့ကြောင်း သတင်းရရှိပါသည်။